Tuesday, March 25, 2014

အာဂုံဆောင်စနစ်မှ ရုံးမထွက် နိုင်သေးသော စာသင်ခန်းများ
peaceoftrustTuesday, March 25, 2014 0 comments

    

      

အာဂုံဆောင်စနစ်ဆိုးမှ ခွဲမထွက်နိုင်သည့် ပုဂ္ဂလိကကျောင်းများ

Photo
7Day News Journal

နေလင်းထွန်း၊ ဇော်မျိုးလှိုင်

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေပြဋ္ဌာန်းပြီး သက်တမ်းရင့်ဘော်ဒါကျောင်းများကို ပညာရေးဝန်ကြီးဌာနက တရားဝင်အသိအမှတ်ပြု လျှောက်ထားခွင့်ပြုသည်မှာ ၂ နှစ်ကျော်ကာလ ရောက်နေပြီဖြစ်သည်။ အစိုးရ၏ပညာရေးစနစ်ကို အားရကျေနပ်မှုမရှိသော မိဘအုပ်ထိန်းသူများကြောင့် ကိုယ်ပိုင်ကျောင်းများ၏ ဈေးကွက်ကလည်း ပိုမိုကြီးမားကျယ်ပြန့်လာသည်။

လက်ရှိအချိန်တွင် ကျောင်းသားမိဘများ သိလိုစိတ်ပြင်းပြနေသောမေးခွန်းမှာ အစိုးရကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ဘာတွေကွာခြားသလဲဆိုသည့် အချက်ဖြစ်သည်။ ကိုယ်ပိုင်ကျောင်းများမှာ ပုဂ္ဂလိကပညာရေးလုပ်ငန်းဖြစ်သည့်အတွက် ငွေကြေးပိုမိုကုန်ကျမည့်အချက်ကတော့ အသေအချာပင်ဖြစ်သည်။

ငွေကြေးပိုမိုကုန်ကျသည့်အတွက် အစိုးရကျောင်းနှင့် မတူကွဲပြားသော ပညာရေးစနစ်ကို ကိုယ်ပိုင်ကျောင်းများက အမှန်တကယ်ပေးစွမ်းနေသည်လားဆိုသည်ကို ကိုယ်ပိုင်ကျောင်းတည်ထောင်ထားသူများနှင့် ကျောင်းသားမိဘများအနေဖြင့် အဖြေရှာဆန်းစစ်ရန် လိုအပ်နေပြီဖြစ်သည်။

စာမေးပွဲတွင် အမှတ်ကောင်းရရှိရေး စာသင်ကျောင်းနှင့် ကျူရှင်များတွင် အချိန်ကုန်ပြီး နှုတ်တိုက်အာဂုံဆောင်ကျက်မှတ်သော ပညာရေးစနစ်မှ အသိပညာ၊ ဗဟုသုတနှင့် စဉ်းစားတွေးခေါ်မှုကို အားပေးသော ပညာရေးစနစ်မျိုးကို ကိုယ်ပိုင်ကျောင်းများတွင် မြင်တွေ့နေရပါပြီလား။

‘‘အခုပညာရေးမှာအတည်ပြုထားတဲ့ စစ်ဆေးတဲ့စနစ်က စာမေးပွဲစနစ်ပဲ။ အခြေခံပညာအဆင့်ကနေ အဆင့်မြင့်ပညာရေးကို ကူးဖို့အတွက် ၁၀ တန်းကနေ တက္ကသိုလ်ကို ရွေးတဲ့စနစ်လည်း ဒါနဲ့ပဲရွေးနေတုန်းပဲ။ သက်ဆိုင်ရာကျောင်းတွေရော၊ ကိုယ်ပိုင်ကျောင်းတွေရော ကျောင်းရဲ့အောင်မြင်မှုကိုတိုင်းတာဖို့ စာမေးပွဲမှာအောင်ချက်၊ ဂုဏ်ထူးတွေနဲ့ပဲ တိုင်းတာရတာပါပဲ’’ဟု ACA ပညာ့ရိပ်ငြိမ်ကိုယ်ပိုင်ကျောင်းမှ အကြံပေးပညာရှင် ဦးစန်းဝင်းကပြောသည်။

ပညာရေးဝန်ကြီးဌာနအသိအမှတ်ပြု ကိုယ်ပိုင်ကျောင်း ၁၅၀ ကျော် တရားဝင်ခွင့်ပြုထားပြီး ကွဲပြားခြားနားသော ပညာရေးစနစ် ကျင့်သုံးနေသည့် ကျောင်းအချို့ရှိသော်လည်း အများစုမှာ အောင်ချက်မြင့်မားရေး အခြေခံသော ပညာရေးစနစ်အောက်မှာ ရုန်းထွက်နိုင်မှုမရှိသေးခြင်းဖြစ်သည်။

‘‘အခုလောလောဆယ်တော့ ကိုယ်ပိုင်ကျောင်းတွေလည်း ရုန်းထွက်လို့မရသေးဘူး။ အစိုးရကျောင်းနဲ့ မတူတာကတော့ ၀န်ဆောင်မှုနဲ့ပဲ ဖြည့်ဆည်းပေးနိုင်တယ်။ မူဝါဒပိုင်းကတော့ ပြင်လို့မရဘူး’’ဟု ဦးစန်းဝင်းကဆိုသည်။

အစိုးရဥပဒေပြဋ္ဌာန်းသတ်မှတ်ပြီးနောက် ကိုယ်ပိုင်ကျောင်းများအနေဖြင့် ကျောင်းသားများအား အချိန်ပြည့်တာဝန်ယူသင်ကြားပေးနိုင်မှုနှင့် ထပ်ဆောင်းဘာသာရပ် သင်ကြားနိုင်မှု အခွင့်အရေးတို့ကို ရရှိခဲ့ကြသည်။

ကျောင်းသားများအနေဖြင့် အစိုးရကျောင်းတွင် ကျောင်းခေါ်ချိန်တက်ပြရခြင်းဒုက္ခမှ ကင်းဝေးသွားခဲ့သလို နိုင်ငံခြားဘာသာစကားနှင့် အခြားပညာရပ်များကို လေ့လာသင်ယူခွင့်ရရှိသွားခဲ့ခြင်း ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားတစ်ဦး၏မိခင် မခိုင်ခိုင်က ‘‘သူ့အစ်ကိုတုန်းက ၁၀ တန်းဆို ဘော်ဒါဆောင်မှာ သွားထားရတာပေါ့။ ကျောင်းခေါ်ချိန်ပြည့်အောင်ရော၊ ကျူရှင်ချိန်ရော တစ်နေ့ကုန်တက်နေရတော့ ကလေးကပင်ပန်းနေပြီ။ အခု ကိုယ်ပိုင်ကျောင်းတွေ ပေါ်လာတော့ အဲဒီလိုမျိုးမရှိတော့ဘူး’’ဟု ၎င်းအတွေ့အကြုံကို ရှင်းပြသည်။

ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား အတင်းအကျပ်ခိုင်းစေခြင်း၊ ပိတ်လှောင်ခြင်း၊ ပြင်းထန်စွာအပြစ်ပေးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို မပြုလုပ်ရန်နှင့် အိပ်စက်အနားယူချိန်သည် နေ့စဉ်ခြောက်နာရီအောက် မလျော့နည်းစေရန် ကျောင်းတည်ထောင်ဖွင့်လှစ်သူများက ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သည်။

အလယ်တန်းနှင့်အထက်တန်းအဆင့်တွင် စာသင်ခန်းအကျယ်အ၀န်းသည် ၃၆၀ စတုရန်းပေအောက် မလျော့နည်းစေရန်နှင့် တစ်ခန်းလျှင် ကျောင်းသား ၄၀ ဦးထက် မပိုဘဲထားရှိရန် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်နည်းဥပဒေတွင် သတ်မှတ်ထားသည်။

‘‘အစိုးရကျောင်းမှာက ဆရာမတစ်ယောက်တည်းကို ကျောင်းသားက ခြောက်ဆယ်လောက်ဆိုတော့ ကျောင်းသားတစ်ဦးချင်းကို ဂရုမစိုက်နိုင်ဘူးလေ။ စာဆိုလည်း သင်ပေးတာပဲကျက်၊ အိမ်စာပေးနဲ့၊ ဒါကျက် ဒါဖြေပုံစံနဲ့ အချိန်တန် နောက်တစ်တန်းကူးဆိုတာဖြစ်နေတယ်။ နောက်နှစ်ဆို ကိုယ်ပိုင်ကျောင်းပြောင်းထားတော့မယ်’’ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။

ကိုယ်ပိုင်ကျောင်းထားနိုင်သော မိဘ၏သားသမီးများအနေဖြင့် စာသင်ကျောင်းနှင့် ကျူရှင်တွင် အချိန်ကုန်နေရမှုမှ သက်သာသွားသော်လည်း အလွတ်ကျက်မှတ်ရသော ပညာရေးဝဲဂယက်မှ လွတ်မြောက်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ စာမေးပွဲစနစ် လေ့လာသင်ယူမှုကို အားပေးသော စစ်ဆေးနည်းစနစ်(Formaive Assessment)ကို အသုံးပြုရန် တိုက်တွန်းအကြံပြုကြောင်း နိုင်ငံလုံးဆိုင်ရာပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကွန်ရက်(NN ER)က သဘောထားထုတ်ပြန်ထားသည်။

နိုင်ငံတကာနှင့် ပြည်တွင်းမှ ပညာရေးပညာရှင်များနှင့် ပညာရေးလေ့လာသူများဆွေးနွေးခဲ့ကြပြီးနောက် ကျောင်းသားများ၏သင်ယူမှုကို ထိရောက်စေမည့် အထက်ပါနည်းလမ်းကို အသုံးပြုရန် ၂၀၁၃ အောက်တိုဘာတွင် တိုက်တွန်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကိုယ်ပိုင်ကျောင်းများအနေဖြင့် စီးပွားရေးအရ ရပ်တည်နိုင်ရေး၊ ၎င်းတို့ ကျောင်းသားများ၏ အောင်ချက်နှင့် ဂုဏ်ထူးရရှိမှုတို့ပေါ်တွင် မူတည်လျက်ရှိခြင်းကြောင့် စာမေးပွဲဦးတည်သော သင်ကြားရေးစနစ်ကို ကျင့်သုံးနေသည်။

မြန်မာနိုင်ငံရှိ ကျောင်းသားမိဘများအတွင်း ပညာရေးအပေါ် သဘောထားအမြင်လွဲမှားနေမှုကလည်း လေ့လာသင်ယူမှုကို အားပေးသော ပညာရေးစနစ်ထက် အောင်မှတ်မြင့်မားသော ပညာရေးစနစ်ကို ပိုမိုအားပေးလျက်ရှိသည်။

‘‘ပညာသင်ကြားတဲ့ပုံစံကို ပြောင်းလိုက်ရင် စာမေးပွဲအောင်ချက်ကို သိသိသာသာထိခိုက်နိုင်တယ်။ မိဘတွေက ဂုဏ်ထူးအထွက်များတဲ့၊ အောင်ချက်ကောင်းတဲ့ ကိုယ်ပိုင်ကျောင်းတွေကို ရွေးချယ်ကျောင်းအပ်နေကြတာလေ။ အဲဒါဆို ကျွန်တော်တို့လည်း ရပ်တည်ဖို့အခက်အခဲရှိနိုင်တယ်’’ဟု ကိုယ်ပိုင်ကျောင်းတည်ထောင်ထားသူတစ်ဦးကပြောသည်။

ကိုယ်ပိုင်ကျောင်းဈေးကွက်ကြီးမားလာခြင်းကြောင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရာ၌ ရင်းနှီးမြှုပ်နှံမှုကြီးမားနေခြင်း၊ အထူးသဖြင့် မြေနေရာအခက်အခဲက ရန်ကုန်မြို့ရှိ ကိုယ်ပိုင်ကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအဟန့်အတား ဖြစ်စေလျက်ရှိသည်။

ကိုယ်ပိုင်ကျောင်းများအနေဖြင့် ကျောင်းသားမိဘများ၏ စိတ်ဝင်စားမှု မြင့်တက်နေခြင်းကြောင့် ဈေးကွက်ကြီးမားလာနေသော်လည်း ပညာသင်ကြားရေးနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသေးကြောင်း ပညာရှင်များက ထောက်ပြမှုများရှိနေသည်။

ကိုယ်ပိုင်ကျောင်းအချို့သည် အစိုးရကျောင်းနှင့် ပညာသင်ကြားမှုစနစ် ကွဲပြားခြားနားမှု မရှိသေးသလို နိုင်ငံတကာကဲ့သို့ ပုဂ္ဂလိကပညာရေးကဏ္ဍအနေဖြင့် ရပ်တည်လာနိုင်ရန် လိုအပ်ချက်များရှိနေသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်ကပြောသည်။

‘‘လုံးဝအလွတ်မကျက်ရတာတော့ မဟုတ်ဘူးပေါ့။ ကျက်သင့်တာကျက်၊ ဝေဖန်သုံးသပ်သင့်တာ သုံးသပ်ရမယ်။ မျှမျှတတဖြစ်ရမယ်။ အခုကတော့ အလွတ်ကျက်တာများနေတာပေါ့။ ကိုယ်ပိုင်ကျောင်းတွေလည်း မျှော်မှန်းသလောက် ဖြစ်မလာသေးဘူး။ အစိုးရကျောင်းနဲ့ သင်ကြားမှုပုံစံတူ ဖြစ်နေတယ်။ နိုင်ငံတကာလို ပုဂ္ဂလိကပညာရေးကျောင်းတွေ ဖြစ်လာအောင် ကြိုးစားဖို့လိုနေသေးတယ်’’ဟု ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်(အငြိမ်းစား)တစ်ဦးက ဆိုသည်။

ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအစိတ်အပိုင်းအနေဖြင့် သင်ထောက်ကူပစ္စည်းနှင့် သင်ကြားနည်းစနစ်တွင် ကိုယ်ပိုင်ကျောင်းများအနေဖြင့် သင်ထောက်ကူပစ္စည်းဖြည့်ဆည်းနိုင်မှုရှိသော်လည်း သင်ကြားနည်းစနစ်တွင် လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကသုံးသပ်သည်။

အစိုးရ၏ ပညာရေးစနစ်အပေါ် ကျောင်းသားမိဘများ စိတ်ကျေနပ်မှုလျော့ကျနေချိန်တွင် ကိုယ်ပိုင်ကျောင်းများ အားသာမှုရရှိနေပြီး ယင်းအခွင့်အလမ်းကို အမိအရဆုပ်ကိုင်နိုင်ရန် ပိုမိုကောင်းမွန်သော ပညာရေးစနစ်ကို ဖန်တီးနိုင်မည်လား စောင့်ကြည့်ရမည်ဖြစ်သည်။

7daynewsjournal.com
In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment