Monday, July 27, 2015

အ​လောင်းမင်းတရား ​ရွှေဘို
peaceoftrustMonday, July 27, 2015 0 comments

အလောင်းမင်းတရားနှင့် ရွှေဘို ==================== မြန်မာနိုင်ငံ၏ သမိုင်းစဉ်

အလောင်းမင်းတရားနှင့် ရွှေဘို
====================

မြန်မာနိုင်ငံ၏ သမိုင်းစဉ်တစ်လျှောက်တွင် နိုင်ငံတော်ကို တစည်းတလုံးတည်း ရှိနေစေရန် ဦးဆောင်စည်းရုံးနိုင်ခဲ့သည့် မင်းသုံးပါးရှိခဲ့သည်။ အနော်ရထာမင်းကြီးအား ပထမမြန်မာနိုင်ငံတော်ကို ဦးဆောင်ခဲ့သူအဖြစ်လည်းကောင်း၊ ဘုရင့်နောင်အား ဒုတိယမြန်မာနိုင်ငံတော်ကို ဦးဆောင်ခဲ့သူအဖြစ်လည်း ကောင်း၊ ဦးအောင်ဇေယျအား တတိယမြန်မာနိုင်ငံတော် ကို ဦးဆောင်ခဲ့သူဟုလည်းကောင်း သမိုင်းပညာရှင် များက သတ်မှတ်ခဲ့ကြသည်။

မြန်မာတို့သည် သမိုင်းအစဉ်အဆက်တစ်လျှောက် ဘုရင်အုပ်ချုပ်မှုစနစ်ကို ကျင့်သုံးခဲ့ကြရာ မြန်မာ တို့၏ နောက်ဆုံးကုန်းဘောင်မင်းဆက်သည် မြန်မာ သက္ကရာဇ် ၁၁၁၄ ခုနှစ်မှစတင်၍ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှန်းဆုံးရှုံးခဲ့ရပြီး နယ်ချဲ့တိုင်းတစ်ပါး လက် အောက်သို့ကျရောက်ခဲ့ရသည့် ၁၂၄၇ ခုနှစ် အထိ နှစ်ပေါင်း ၁၃၃ နှစ်ခန့် သက်တမ်းရှည်ကြာခဲ့ပေ သည်။ ထိုမင်းဆက်ကို ငါးမည်ရခဲ့သည့် ကုန်းဘောင်မှစတင်ခဲ့ သဖြင့် ကုန်းဘောင်မင်းဆက်ဟု ခေါ်တွင်ခဲ့သည်။ ကုန်းဘောင်မင်းဆက်ဘုရင်တို့သည် မြန်မာပဒေသရာဇ် ခေတ်၏ နောက်ဆုံးမင်းများဖြစ်ကြပြီး နှစ်ပေါင်း ၁၃၃ နှစ်အတွင်း မင်း ၁၁ဦး ထီးနန်းစိုးစံခဲ့ကြသည်။ ထိုသို့စိုးစံ ခဲ့ကြရာတွင် မြန်မာနိုင်ငံတော်အားအလောင်းမင်းတရား ဦးအောင်ဇေယျက ရှစ်နှစ်၊ နောင်တော်ကြီးက သုံးနှစ်၊ ဆင်ဖြူရှင် မြေဒူးမင်းက ၁၃ နှစ်၊ စဥ့်ကူးမင်းကငါးနှစ်၊ ဖောင်းကားစားမောင်မောင် က ခုနစ်ရက်၊ ဘိုးတော်ဘုရား ဗဒုံမင်းက ၃၇ နှစ်၊ ဘကြီးတော်စစ်ကိုင်းမင်းက ၁၉ နှစ်၊ သာယာဝတီ မင်းက ကိုးနှစ်၊ ပုဂံမင်းကခြောက်နှစ်၊ မင်းတုန်းမင်းက ၂၆ နှစ်နှင့် သီပေါမင်းက ခုနစ်နှစ် အုပ်ချုပ်ခဲ့ကြသည်။ ထိုမင်းများတွင် စွမ်းရည်သတ္တိ၊ ဥာဏ်အမြော်အမြင် ပြည့်စုံသော မင်းများပါရှိသကဲ့သို့ မင်းသာမန်များ၊ မင်းညံ့များလည်း ပါဝင်ခဲ့ပေသည်။

ပုဂံဝန်ထောက်ဦးတင်ရေးသားခဲ့သည့် မြန်မာ မင်းအုပ်ချုပ်ပုံစာတမ်း၊ ဒုတိယတွဲတွင် မြန်မာရာဇဝင်၌ ညံ့ဖျင်းသော မင်းသုံးပါးအုပ်စိုးစဉ် တိုင်းပြည်ပျက်ခဲ့ ရပုံကို အကျယ်တဝင့်ရေးသားထားခဲ့ရာ ထိုမင်းညံ့များ ထဲတွင် ကုန်းဘောင်ဆက် နောက်ဆုံးမင်းလည်း ပါဝင်ခဲ့သည်။ သို့သော်လည်း ကုန်းဘောင်မင်းဆက် များတွင် အလောင်းမင်းတရား၊ ဆင်ဖြူရှင်၊ ဘိုးတော် ဘုရားနှင့် မင်းတုန်းမင်းတို့သည် မြန်မာတို့ဂုဏ်ယူ ပြောပလောက်သော မင်းများဖြစ်သည်ဟု စာရေး ဆရာကြီးညိုမြကသူ၏ ထင်ရှားလှသည့် ကုန်းဘောင် ရှာပုံတော်စာအုပ်တွင် ရေးသားခဲ့သည်။

အလောင်းမင်းတရားလက်ထက်တွင် မြန်မာ နိုင်ငံတော်သည် အရှေ့မြောက်တွင် ယူနန်နယ်အထိ၊ အရှေ့ဘက်တွင် ဇင်းမယ်အထိ၊ အရှေ့တောင်တွင် အယုဒ္ဓယအထိ၊ အနောက်မြောက်တွင် မဏိပူရ၊ အာသံ အထိ ကျယ်ဝန်းခဲ့သော အင်ပါယာကြီးကို ပိုင်ဆိုင်ခဲ့ ပေသည်။

ထိုသို့ကျယ်ဝန်းသော အင်ပါယာကို မထူထောင် မီက ဦးအောင်ဇေယျသည် တတိယမြန်မာနိုင်ငံတော် ကို ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြား တမ္ပဒီပဟု ခေါ်သော နေရာလေးတွင် စတင်အခြေပြုခဲ့သည်။မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ် ( ခရစ်နှစ် ၁၇၅၃ ခုနှစ်) တွင် ဦးအောင်ဇေယျသည် မင်းချစ်ညိုနှင့်ဟံသာဝတီ ကို အနိုင်ယူခဲ့ပြီး တမ္ပဒီပနယ်မြေကို အုပ်ချုပ်ခဲ့သည်။ ထိုအချိန်က ဦးအောင်ဇေယျ၏ နယ်မြေသည် တာ ၄၇ဝ မျှသာရှိသော မုဆိုးဘိုဒေသကို ထန်းလုံးတိုင်များ တိုင်ထူ၍ ဆောက်လုပ်ထားသော ထန်းလုံးတပ်သာ ဖြစ်ခဲ့သည့်အတွက် ဦးအောင်ဇေယျသည် အခြား တစ်ပါးသော ထီးဆောင်းမင်းအပေါင်းတို့ စေလွှတ် အပ်သော သံတမန်တို့ရောက်ရှိလာလျှင် ပျူငှာသော လောကဝတ်ပြုနိုင်ရန် ရည်ရွယ်လျက် ထိုနေရာတွင် မြို့သစ်တည်ထောင်ရန် ပြင်ဆင်ခဲ့ပြီး နောင်အခါတွင် ရွှေဘိုဖြစ်လာမည့် နန်းမြို့ကို ထူထောင်ခဲ့သည်။ အလောင်းမင်းတရား ဦးအောင်ဇေယျတည်ထောင်ခဲ့သည့် ရွှေဘိုသည် အမည်ငါးမျိုးရခဲ့ရာ (၁) ကုန်းဘောင် (၂) ရန်ကြီးအောင် (၃) ရတနာ သိင်္ဃ (၄)မုဆိုးဘို (၅) ရွှေဘိုဟူ၍ ဖြစ်ပေသည်။

ဦးအောင်ဇေယျ၏အထက် ရှေးမင်းဆက်တို့ကို ဟံသာဝတီမင်းတို့ဖျက်သဖြင့် သတိုးအနွယ်တို့ ပြတ် ခဲ့သည်။ ဟံသာဝတီမင်းများကို ရေနှင့်နှိုင်းကာ ရေကို ဖြတ်သန်းလွှမ်းမိုးရန် ကုန်းဘောင်ဖြင့် ဖြတ်ကျော်ရ သကဲ့သို့ ပြတ်သွားသော သတိုးအနွယ်များကို ကုန်း ဘောင်ဖြင့် ပြန်ဆက်သည်ဆိုသည့် အဓိပ္ပာယ်ဖြင့် ရွှေဘိုကို ကုန်းဘောင်ဟု ခေါ်တွင်ခဲ့သည်။ ရတနာ သိင်္ဃဟူသည်ကား ဦးအောင်ဇေယျသည် မြန်မာပြည် အရပ်ရပ်ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွင် ရတနာအပေါင်းသည် မုဆိုးဘိုတွင် လာရောက် စုစည်းခြင်းကိုရည်ညွှန်းကာ မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ မုဆိုးဘိုအမည်သည်ကား ရှေးမဆွကပင်ရှိခဲ့သော အမည် ဖြစ်သည်။ ပုဂံနရပတိစည်သူမင်း တိုင်းခန်းလှည့်လည် စဉ် ယခုရွှေဘိုဒေသအရောက်တွင် ငပိုအမည်ရှိသော မုဆိုးအား ပိုမြေအပိုင်းအခြားနယ်နိမိတ်ကို ပေးခဲ့ရာမှ မုဆိုးငပိုက မုဆိုးပိုမြို့ကို ထူထောင်ခဲ့သည်။ ကာလ ရွေ့လျားသောအခါ မုဆိုးပိုမှ မုဆိုးဘို ဖြစ်လာခဲ့သည်။ ရွှေဘိုဟူသည့် အမည်နာမသည်လည်း မုဆိုးပိုကို သုတိသာစေရန် ရွှေပိုဟု ခေါ်ဆိုကြရာမှ ခေတ်ကာလ ကြာရှည်လာသောအခါ ရွှေပိုမှ ရွှေဘိုဖြစ်လာခဲ့ပေသည်။

ရွှေဘိုမြို့သည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၁ဝ မိနစ်နှင့် အရှေ့လောင် ဂျီတွဒ် ၉၄ ဒီဂရီ ၄၇ မိနစ်တွင် တည်ရှိသည်။ ရွှေဘို မြို့နယ်သည် အကျယ်အဝန်း ၅၇၁၄ စတုရန်းမိုင်ရှိသည်။ ရတနသိင်္ဃနယ်၏ နယ်နိမိတ်ကို ဇမ္ဗူ့ဒီပဦးဆောင်း ကျမ်းတွင် ''အရှေ့ကိုလားသော် စည်လှအင်ပင် မြစ်ညာ၊ တောင်ကိုလားသော် မလ္လာဂီရိ၊ အနောက်ကိုလားသော် ဇေတဝန်ကျောင်းကြီး၊ မြောက်ကိုလားသော် အက္ကပတ် ဌာနေ''ဟု ဖော်ပြထားသည်။

အလောင်းမင်းတရား ဦးအောင်ဇေယျအား ၁၇၁၄ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် အိမ်ခြေ သုံးရာမျှသာရှိသည့် မုဆိုးဘိုရွာလေးတွင် မြေပိုင်ရှင် မိဘနှစ်ပါးမှ မွေးဖွားခဲ့ သည်။ အသက် ၃၇ နှစ်တွင် မုဆိုးဘို နှင့် အနီးဝန်း ကျင်ရွာများ၏ အကြီးအကဲဖြစ်လာခဲ့သည်။ ၁၇၅၂ ခုနှစ် မတ်လတွင် ဟံသာဝတီတပ်များက အင်းဝကို သိမ်းပိုက် လိုက်ပြီး မင်းနှင့်တိုင်းပြည်တစ်ခုလုံးကို တိုက်ခိုက် သိမ်းပိုက်ခဲ့သဖြင့် ဒုတိယမြန်မာနိုင်ငံတော်ကြီး ပျက်စီး ခဲ့ရသည်။ ထိုအချိန်တွင် ဦးအောင်ဇေယျသည်မုဆိုး ဘိုရွာတွင် ထန်းလုံးတပ်ကို ဆောက်လုပ်လျက် လက်ရွေး စင်သူရဲကောင်း ခြောက်ကျိပ်ရှစ်ယောက်တို့နှင့် ၄၆ ရွာမှ တပ်သားရဲမက်များ၏အားကိုယူကာ တတိယမြန်မာနိုင်ငံတော်ကြီးကို ပြန်လည်ထူထောင်ခဲ့သည်။ ထန်းလုံးတပ်ဟုပင် ဆိုငြားသော်လည်း ပစ္စင်၊ ရင်တား၊ ကတုတ်၊ သရဲခို စသောမြို့အင်္ဂါရပ်များနှင့်အညီ ရန်သူများကို ကြီးစွာအောင်မြင်သောမြေ၊ ရန်ကြီးအောင်ဟုနိမိတ်ယူကာ မြို့တည်ခဲ့ခြင်း ဖြစ်ပေသည်။ ဦးအောင်ဇေယျသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် မြန်မာ နိုင်ငံတောင်ပိုင်းမှ ထြ<ွကထောင်ထားမှုများကို တိုက်ခိုက်နှိမ်နင်းကာ မြန်မာ နိုင်ငံတော်ကြီးကို တစ်စည်းတစ်လုံးတည်းပေါင်းစည်းနိုင်ရန် စည်းရုံး ထူထောင်နိုင်ခဲ့သည်။

ရခိုင်ကို ချန်လှပ်၍ နိုင်ငံတော်တစ်ခုလုံးအား ပေါင်းစည်းအုပ်ချုပ်ခဲ့သည့် အလောင်းမင်းတရား ဦးအောင်ဇေယျသည် သက္ကရာဇ် ၁၁၁၅ ခုနှစ်မှာပင် မြို့တော်၊ ကျုံး၊ နန်းတော်၊ ရွှေချက်သိုစေတီ၊ ပဟိုရ်စင်၊ နတ်ကွန်းတော်နှင့် ကန်တော်ဟူသော ခုနစ်ဌာနကို တစ်ပြိုင်တည်းပန္နက်ချကာ ရွှေဘိုမြို့ကို တည်ခဲ့သည်။မြို့တော်အကျယ်သည်တာ ၂ဝဝဝ ဖြစ်၍ တံခါးတော် ၁ဝ ခု ထားရှိခဲ့သည်။ မြို့တော်အရှေ့မျက်နှာနှင့် အနောက်မျက်နှာတွင် တံခါး သုံးခုစီနှင့် တောင်မျက်နှာနှင့် မြောက်မျက်နှာတွင် တံခါးနှစ်ပေါက်စီ ပြုလုပ် ခဲ့ပေသည်။

အလောင်းမင်းတရားသည် သက္ကရာဇ် ၁၁၁၉ ခုနှစ်တွင် ဟံသာဝတီကို အောင်နိုင်ခဲ့ပြီး မြို့တော်ရွှေဘိုသို့ ပြန်လည်ရောက်ရှိလာပြီးနောက် မူလက ထန်းလုံးတပ် အဖြစ်တည်ခဲ့သော ရန်ကြီးအောင်မြို့ကို တံခါးပေါက် ၄ဝ ပါသော မြို့ကြီးတစ်မြို့အဖြစ် ၁၁၁၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ဝ ရက်တွင် တိုးချဲ့တည်ထောင်ခဲ့သည်။ ကုန်းဘောင်ခေတ်မြန်မာနိုင်ငံ၏ မြို့တော်များအနက် ရွှေဘို၊ အမရပူရနှင့် မန္တလေးမြို့များသည် စတုရန်းပုံ မြို့ရိုးများဖြင့် လေးထောင့်စပ်စပ်တည်ဆောက်ခဲ့ကြသည်။ အမရပူရမြို့ သည် တာဝန်း ၂ဝဝဝ၊ မန္တလေး မြို့သည် တာဝန်း ၂၄ဝဝ ရှိပြီး ရွှေဘိုမြို့ သည် တာဝန်း ၄၄ဝဝ ဖြစ်သဖြင့် ကုန်းဘောင်ခေတ် စတုရန်းပုံမြို့များတွင် အကြီးဆုံး ဖြစ်ပေသည်။

ရွှေဘိုမြို့ဝန်း အတိုင်းအတာသည် အမျိုးမျိုးကွဲပြားနေသဖြင့် ဘိုးတော် ဘုရား ဗဒုံမင်းသည် မြန်မာသက္ကရာဇ် ၁၁၇၇ခုနှစ်တွင် အလုံမြို့ဝန် သီရိ ဓမ္မာသောက၊ ရတနာသိင်္ဃမြို့ဝန် ဇေယျသင်္ခ၊ မြို့သူကြီး ဇေယျမဟာ ဗိုလ်၊ မြို့စာရေး ငကောင်း၊ ငဝန်၊ စက်ဘောသစ်တို့ အစုံအညီဖြင့် စာ ရေးကြီး ကျော်ထင်နန္ဒမိတ်အား တိုင်းတာစေခဲ့သည်။ ယင်းအဖွဲ့၏ တိုင်းတာ ချက်အရ ရွှေဘိုမြို့သည် အရပ်တစ်မျက် နှာလျှင် ၁ဝဝ၁ တာရှိပြီး မြို့ လေးမျက်နှာ တာဝန်း ၄ဝဝ၄ အတိအကျရှိသည့် မြို့ကြီးဖြစ်ကြောင်း တွေ့ရှိကြရပေသည်။ မြို့ရိုးတစ်ဖက်စီတွင် တန်ဆောင်းကြီးတစ်ခု၊ တံခါး ပေါင်း ၁ဝ ခု၊ ပြတင်းပေါင်း ၂၂ ခုစီခန့် ပြုလုပ်ထားသည်။ တံခါးတစ်ပေါက် လျှင် ၁၂ တောင်ခန့် ကျယ်ဝန်းလျက် ကျောက်များစီချထားသဖြင့် ကျောက် တံခါးများဟု ခေါ်တွင်ခဲ့ကြသည်။

မြို့မြေရိုး၏အရှေ့ဘက် ဟန်လင်းတံခါးနှင့် တောင်ဘက်တံခါးတို့သည် ကျုံးနေရာတွင်ရှိနေခြင်းကြောင့် ယခင်မြို့ဟောင်း၏ မြောက်အရပ်နှင့် အနောက်အရပ်ရှိ ကျုံးများကို မြို့သစ်တည်ချိန်တွင် ဖို့ပစ်လိုက်ဟန်ရှိ ကြောင်း ပညာရှင်တစ်ဦးက သုံးသပ်ခဲ့သည်။

ရွှေဘိုမြို့ရိုးသည်အပြင် မြေသားမြို့ရိုးနှင့် အတွင်း အုတ်မြို့ရိုးဟူ၍ နှစ်ထပ်ရှိရာတွင် အပြင်မြေမြို့ရိုး သည် စတုရန်းပုံတည်ဆောက်ထားခဲ့သော်လည်း ယခု ခေတ် ခေတ်မီစနစ်များဖြင့် တိုင်းထွာရေးဆွဲထားသည့် မြေပုံများတွင် စတုရန်းပုံအတိအကျမဟုတ်ဘဲ မြောက် ဘက် မြို့ရိုးသည် အရှေ့မြောက်ထောင့်မှ အနောက် ၄ ဒီဂရီ တောင်ဘက်သို့လည်းကောင်း၊ တောင်ဘက်မြို့ရိုးသည် အနောက်တောင်ထောင့်မှ အရှေ့ ၄ ဒီဂရီမြောက် သို့လည်းကောင်း တိမ်းစောင်းနေကြောင်း တွေ့ရှိရပေသည်။ အရှေ့ အနောက် မြို့ရိုးများသည်လည်းတောင်မြောက်တန်းမနေဘဲ အရှေ့မြို့ရိုးသည် မြောက်ဘက်တွင် အနောက်သို့၊ အနောက်မြို့ရိုးသည် တောင်ဘက်တွင် အရှေ့သို့ ၂ ဒီဂရီစီ တိမ်းစောင်းနေကြသည်။

အပြင်မြေမြို့ရိုး၏အတွင်း၌ အုတ်မြို့ရိုးတစ်ထပ် ပြုလုပ်ထားရာ လေးဘက်ပတ်လည်အတိုင်းအတာ ၁၅၉၆ တာရှိပြီး အုတ်မြို့ရိုးသည် စတုဂံပုံဖြစ်သည်။ အရှေ့အနောက် (အနံ) ၃၅၂ တာနှင့် တောင်မြောက် (အလျား) ၄၄၆ တာရှိသည်။ တောင်မြောက် (အလျားဘက်) တွင် တံခါးပေါက် ၃ ပေါက်စီနှင့် အရှေ့အနောက် (အနံဘက်)တွင် တံခါးပေါက် ၂ ပေါက်စီ ပြုလုပ်ထားသဖြင့် စုစုပေါင်း တံခါး ၁ဝ ပေါက်ရှိသည်။ အုတ်မြို့ ရိုးသည်အခြေတွင် တစ်တာခန့် အထူပြုလုပ်ထားပြီး မြို့ရိုးအမြင့်သည် ၁၂ တောင်ဖြစ်သည်။ မြို့ရိုးတစ်လျှောက် ပြအိုး ၂၈ အိုးရှိသည်။ မြို့ရိုး အောက်ခြေမှ ၁ဝ ပေအကွာတွင် မြို့ရိုးပတ်လည် တစ်လျှောက် တာ ၂ဝ ကျယ်၍ အတောင် ၂ဝ နက်သည့် ကျုံးကို တူးဖော်ထားခဲ့ပေသည်။

ဖော်ပြခဲ့သည့် မြေမြို့ရိုးနှင့် အုတ်မြို့ရိုးနှစ်ထပ်၏ အတွင်းဝယ် အလောင်းမင်းတရား၏ နန်းမြို့တော်ရှိသည်။ နန်းမြို့တော်သည် မြို့ရိုးထု ၁ တာ၊ အမြင့် ၇ တောင်ရှိသည်။ အလျား တာ ၁ဝဝ၊ အနံ ၆၄ တာကို အုတ်ရိုးကာရံထားသည်။ ယင်းအဝန်းအဝိုင်းအတွင်းတွင် အရှေ့ဘက်မှ ၃၄ တာ အကွာ၌ ထုငါးတောင်၊ အမြင့် ငါးတောင်ရှိသော အုတ်ရိုးတစ်ခုကို ထပ်မံ ကာရံထားပြီး အလယ်တွင် ဗဟိုဝင်ပေါက်တစ်ခု ပြုလုပ်ထားသည်။ ထိုနေရာမှ ၁၅ တာအကွာတွင် ထုလေးတောင်၊ အမြင့်လေးတောင်ရှိသော အုတ်ရိုးကို ထပ်မံကာရံထားပြီး ယင်းအုတ်ရိုး၏ အတွင်းပိုင်း တွင် ရွှေပုံ မင်္ဂလာနန်းဆောင်များကို ဆောက်လုပ်ထား ခဲ့သည်။

အလောင်းမင်းတရား တည်ထောင်ခဲ့သည့် ရတနာသိင်္ဃ၊ ရာဇဌာနီမင်း နေပြည်သည် အလောင်းမင်းတရား ဦးအောင်ဇေယျလက်ထက် (အေဒီ ၁၇၅၂- ၁၇၆ဝ) နှင့်သားဖြစ်သူ တပယင်းမင်းလက်ထက် (အေဒီ ၁၇၆ဝ-၁၇၆၃)တွင် ဘုရင်နန်းစိုက်ရာ နေပြည်တော် ဖြစ်ခဲ့သည်။ ဆင်ဖြူရှင် မင်းလက်ထက် (အေဒီ ၁၇၇၃- ၁၇၇၆)လက်ထက်တွင် ဆင်ဖြူရှင်မင်းသည် ရွှေဘိုတွင် ၂ နှစ်သာနန်းစံပြီး အင်းဝသို့ပြောင်းရွှေ့နန်းစိုက်ခဲ့သဖြင့် ရွှေဘို မြို့တော်သည် အေဒီ ၁၇၇၅ ခုနှစ်တွင် ဘုရင်နန်းစိုက်ရာမြို့အဖြစ်မှ အဆုံး သတ်ခဲ့ပေသည်။

ပိုင်နက်နယ်မြေကျယ်ဝန်းကာ အာဏာစက်ကြီးမားခဲ့သည့် တတိယ မြန်မာနိုင်ငံတော်ကို ဦးဆောင်တည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး တည်ထားခဲ့သည့် ရွှေဘိုမြို့ မူလနန်းတော်ကားမရှိတော့ပါပြီ။ သို့သော်လည်း နိုင်ငံတော်က မူလပုံစံအတိုင်း နန်းတော်ရာကို ပြန်လည်တည်ဆောက် ထားခဲ့သည်။ အင်္ဂလိပ်တို့အုပ်စိုးခဲ့စဉ်က ရွှေဘို၊ အလောင်းမင်းတရား နန်းတော်ရာနေရာတွင် အကျဉ်းထောင် ပြုလုပ်ခဲ့ပြီး အလောင်းမင်းတရား နန်းစံရာနေရာတွင် ကြိုးတိုက်ပြုလုပ်ကာ အလောင်းမင်းတရားကြီး၏ အောင်မြေကို နာမ်နှိမ်ခဲ့ကြောင်းလည်း ပြောဆိုမှုများလည်းရှိသည်။

လွန်ခဲ့သော နှစ်ပေါင်း (၂၆ဝ)ကျော်က ကုန်း ဘောင် အင်ပါယာကြီး သန္ဓေတည်ခဲ့ရာ ရွှေဘိုမြို့သည် မြန်မာတို့၏ဂုဏ်ယူဖွယ် ဘူမိနက်သန်နေရာ အဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားစွာမှတ်တမ်းတင်နိုင်ခဲ့သည်။ အလောင်း မင်းတရား၏ အောင်မြေသည်လည်း နာမည်ကြီးလှပေသည်။ အလောင်း မင်းတရားသည် မြန်မာနိုင်ငံကို သူ့ခေတ်သူ့အခါက ကံဆိုးမိုးမှောင်ကျနေ သည့်အခြေအနေမှ ကယ်တင်ကာ နှစ်ပေါင်း ၁၃၃ နှစ်ကြာတည်တံ့ခဲ့သည့် ကုန်းဘောင် ခေတ်တတိယနိုင်ငံတော်ကိုထူထောင်ခဲ့သည့် ဘုရင် မင်းမြတ် တစ်ပါးဖြစ်သည်။ သို့ဖြစ်ပေရာ မြန်မာတို့ ဂုဏ်ယူလေးစားကြရသည့် အလောင်းမင်းတရား ဦးအောင်ဇေယျတစ်ချိန်သောကာလက ထီးနန်းစိုက် ခဲ့ကာ တတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သည့် ရွှေဘိုနန်းမြို့ကို သွားရောက်လေ့လာသင့် ကြပါပေသည်။ ။
မောင်သာ(ရှေးဟောင်းသုတေသန)

In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment