Monday, April 10, 2023

နိုင်ငံရေးနှင့် စိတ်ပညာ။
peaceoftrustMonday, April 10, 2023 0 comments

နိုင်ငံရေးနှင့်စိတ်ပညာ

လွန်ခဲ့တဲ့ ရှစ်နှစ် ကိုးနှစ် ၊ ဘာသာရေးအထိကရုဏ်းတွေ "ဆူ" နေချိန်တုံးက … 
လူနည်းစုဘာသာဝင်တွေအပေါ် ခွဲခြားဖိနှိပ်တာတွေကို ကိုယ်တွေ့ကြုံခဲ့ရတုံးက …
နားမလည်စွာနဲ့ ကိုယ်အံ့သြမိတဲ့ မေးခွန်းတစ်ခုရှိတယ်။ အခုလို ကျူးလွန်တဲ့သူတွေဟာ ဘာကြောင့်များ ဒီလိုလုပ်နိုင်ကြတာလဲပေါ့။ 
• ဘာလို့ လူနည်းစုတွေအပေါ်မှာ အမုန်းတရား (prejudice) ထားကြတာလဲ ?
• ဘာလို့ လူလူချင်းခွဲခြားဆက်ဆံမှုတွေ (discrimination) လုပ်ကြတာလဲ?

အဲ့တုံးက သူတို့ စိတ်ဓာတ်တွေကို ကျနော် စဥ်းစားရတာ တော်တော်လေးခေါင်းခဲ ခဲ့မိတယ်။ 

မြန်မာနိုင်ငံရေးစာပေတော်တော်များများမှာ ဗမာလူမျိုးကြီးဝါဒ အကြောင်းပြောကြတဲ့အခါ အိုင်ဒီယိုလော်ဂျီ ရှုထောင့်ကနေပဲ ချဥ်းကပ်ကြတာများတယ်။ အမျိုးသားရေးဝါဒ အမျိုးအစားတွေ ၊
ပုံသဏ္ဍာန် ၊ သွင်ပြင် လက္ခဏာတွေ စသဖြင့်ပေါ့။ ဒါဟာ ကိုယ့်သိချင်တဲ့ မေးခွန်းအတွက် အဖြေမဟုတ်​ဘူး။ နိုင်ငံရေးစိတ်ပညာ (political psychology) ဘာသာရပ်ကို တီးခေါက်လေ့လာ ကြည့်မိတဲ့အခါ ကိုယ်သိချင်နေတဲ့ သီအိုရီတွေကို လေ့လာခွင့်ရလိုက်တယ်။ 

နိုင်ငံရေးစိတ်ပညာဘာသာရပ်ဟာ နိုင်ငံရေး
အပြုအမူတွေ (political behaviour) ကို ဆိုင်ကိုလော်ဂျီ အားဖြင့် ရှင်းပြဖို့ ကြိုးစားတယ်။ 

ဥပမာ - ဒီဘာသာရပ်ကနေ …
• ပြည်သူတွေက မဲပေးတဲ့အခါမှာ ဘယ်ပါတီကို ဘာလို့ ရွေးချယ်မဲပေးကြသလဲ?
• ဘာကြောင့် လူမျိုးရေးခွဲခြားမှု (racism) တွေ ရှိနေရတာလဲ? 
• ဘာလို့ တစ်ချို့ကဂျီနိုဆိုဒ်ကျူးလွန်ကြသလဲ?
• ဘာလို့နိုင်ငံတွေဟာ စစ်တိုက်ဖို့ကို ရွေးချယ်ကြတာလဲ? စစ်ပွဲတွေဆက်လက်ရှိနေသေးတာဟာဘာလို့လဲ?

စတဲ့မေးခွန်းတွေကို စိတ်ပိုင်းဆိုင်ရာ ဒိုင်မန်းရှင်းကနေ အဖြေရှာကြည့်ကြတယ်။

ဗုဒ္ဓဘာသာအခြေပြုဗမာလူမျိုးကြီးဝါဒ ဟာ မြန်မာ့ နိုင်ငံရေးယဥ်ကျေးမှုအတွင်းမှာ ထဲထဲဝင်ဝင် စိမ့်ဝင်နေပြီးဖြစ်လို့ လူနည်းစုအခွင့်အရေးတွေ (minority rights) အပေါ် အလေးပေးမှု အင်မတန်မှ အားနည်းတယ်။ မြန်မာ့နိုင်ငံရေးရပ်ဝန်းအတွင်းမှာ - ခေတ်အဆက်ဆက်အာဏာရှင်တွေ နဲ့ အခုလက်ရှိ တော်လှန်ရေးကို ဦးဆောင်နေပါတယ် ဆိုသူ နုဂျီ ခေါင်းဆောင်တွေအထိပါ ပြတ်ပြတ်သားသား အဖြေမပေးနိုင်သေးတာကိုကြည့်ရင် နစ်ဝင်နေတဲ့ 
အမုန်းတရားအတိုင်းအထွာ ၊ အငုံစိတ်တွေကိုခန့်မှန်းလို့ရတယ်။ 

မြန်မာ့သမိုင်းကိုပြန်ကြည့်တဲ့အခါ
ခေတ်အဆက်ဆက်တိုင်းမှာ အာဏာရှင်တွေဟာ မြန်မာ့နိုင်ငံရေး အမှတ်အသားသရုပ်ကို multi-national state အစား ဗုဒ္ဓဘာသာ ဗမာလူမျိုးကြီးဝါဒကို အခြေခံတဲ့ homogenous unitary state အဖြစ် တည်ဆောက်ဖို့ကြိုးပမ်းချင်ကြတာချည်းပဲ။ လူနည်းစု ဘာသာဝင်တွေနဲ့ တိုင်းရင်းသား တွေရဲ့ စုပေါင်းအခွင့်အရေး 
collective rights တွေ (ဥပမာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် - right to internal self-determination) တွေဟာ
ခါးခါးသီးသီး ငြင်းဆိုခဲ့တာ သမိုင်းသက်သေဖြစ်တယ်။

• နားမလည်နိုင်စရာကအခုလိုလူမဆန်တဲ့ လုပ်ရပ်မျိုးကို ဘယ်လိုစိတ်နဲ့များ လုပ်နိုင်ခဲ့ကြတာလဲ … ?
• ခွဲခြားဖိနှိပ်မှု ၊ လူနည်းစုလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လိုကျူးလွန်နိုင်ရက်ကြတာလဲ … ?
• သူတို့ကိုယ်သူတို့အမှားမြင်ကြရဲ့လား … ?
• မမြင်ရင်ဘာလို့ မမြင်သလဲ … ?

ကျနော်စကားချပ်ပြောချင်တာကတော့ ကျနော့်အခုပို့စ်ဟာ မြန်မာနိုင်ငံရဲ့ လူနည်းစုဝင်တွေအပေါ် အမုန်းတရားထားရှိမှုပြသနာကို သုတေသနလုပ်ရှင်းပြဖို့ကြိုးစားတာမဟုတ်ဘူး။ ကျနော်တို့နဲ့ မစိမ်းလှတဲ့ ဒုက္ခတွေကို 
အိုင်ဒီယိုလော်ဂျီ ရှုထောင့်ကမဟုတ်ဘဲ
ဆိုင်ကိုလော်ဂျီ သီအိုရီတွေကနေ ချဥ်းကပ်ခြင်းမျှသာဖြစ်တယ်။ မြန်မာစာပေနဲ့ အကျွမ်းတဝင် မရှိလှသေးတဲ့ နိုင်ငံရေးစိတ်ပညာဘာသာရပ်ကို မိတ်ဆက်ချင်ရုံမျှသာရည်ရွယ်ပါတယ်။

(1) realistic group conflict theory

ပထမဆုံးအနေနဲ့ ကျနော်ဆွေးနွှေးချင်တာကတော့ realistic group conflict theory ဖြစ်တယ်။ ဒီသီအိုရီအရ အမုန်းတရား (prejudice) တွေ ခွဲခြားဖိနှိပ်မှု (discrimination) တွေဆိုတာဟာ zero-sum outcome ကို (များသောအားဖြင့်) ရရှိစေတဲ့ ရှားပါးရင်းမြစ် (scarce resources) တွေအတွက်ယှဥ်ပြိုင်ရင်း ဖြစ်တည်လာတာပါတဲ့။ { zero sum outcome ဆိုတာ တစ်ဖက်က အဲ့ဒီ အရာ (scarce resource) ကို ရရှိတဲ့အချိန် (ရလဒ်အပေါင်းဖြစ်တဲ့အခါ) ကျန်တစ်ဖက်က ထိုအရာကို မရရှိ (ရလဒ်အနုတ်ဖြစ်) တာမို့ နှစ်ဖက်ရလဒ်ကို ပေါင်းကြည့်ရင် ပေါင်းခြင်းသုညကြွင်းတဲ့ ရလဒ်ထွက်ခြင်းကို ဆိုလိုပါတယ်။ 

ဒီသီအိုရီက လက်တွေ့နိုင်ငံရေးအခင်းအကျင်း တစ်ချို့ကိုအဖြေပေးနိုင်တယ်။ ဥပမာ - ရွေ့ပြောင်းလာသူတွေအပေါ် အမုန်းတရား ထားရှိမှုဟာ ဒေသခံတွေရဲ့ အလုပ်အကိုင်အခက်အခဲနဲ့ ဆက်စပ်မှုရှိတတ်တယ်။ ရွှေ့ပြောင်းလာသူတွေက အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနေတာမျိုးကို ဒေသနေဆိုသူတွေကမကျေနပ်တတ်ကြဘူး။ တစ်ချိန်ကတောင်အာဖရိက မှာ mobs တွေက african immigrants တွေကို သတ်ခဲ့တာလည်း ဒီစီးပွားရေးအရ ယှဥ်ပြိင်ခြင်း economic competation ဆိုတဲ့ အကြောင်းကြောင့်ပဲ။ 
အဲ့ဒေသက အလုပ်အကိုင်မဲ့ဒေသခံတစ်ဦးရဲ့ စကားကို ကြည့်ပါ။ 

"ဒီ လူတွေ ID ကဒ် မရှိ ၊ paper မရှိ ၊ ဒါလည်း သူတို့အလုပ်ရကြတယ်ဗျ။ သူတို့က တစ်ရက် အလုပ်ကို 15 rand (နှစ်ဒေါ်လာ) လောက်နဲ့လည်း လုပ်ကြတယ်လေ။ ကျုပ်တို့ နာ​ပြီပေါ့။ " တဲ့ ။

ဒီလိုနဲ့အချင်းချင်းကြားက အလိုဆန္ဒ interests တွေ ပွတ်တိုက်မိလာတဲ့အခါမှာ အမုန်းတရားတွေ ထွက်ပေါ်လာတယ်။ ယှဥ်ပြိုင်မှုက ပြင်းထန်လာလေလေ အမုန်းတရားက ဆိုးရွားလာလေလေပဲ ။

အလားတူပဲ စီးပွားရေးအရ ချွတ်ချုံကြနေတဲ့ 
လူများစုတွေက တိုင်းရင်းသားလူနည်းစုတွေအပေါ် တခြားလူတွေထက်အမုန်းတရား ပိုထားတတ်ကြကြောင်း သုတေသန တွေအရ သိရှိရတယ်။ 

သို့သော် …

အုပ်စုနှစ်စုကြားမှာ တကယ်ယှဥ်ပြိုင်ရခြင်း မရှိပါဘဲ အမုန်းတရားထားရှိမှုမျိုးတွေကိုလည်း တွေ့ရတာမျိုးကို ဒီသီအိုရီက အဖြေမပေးနိုင်တော့ဘူး။ 

ဆက်ရန် 

P.s
In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment