နိုင်ငံရေးစိတ်ပညာ
နိုင်ငံရေးစိတ်ပညာဟူသည် "နိုင်ငံရေးလှုပ်ရှားမှုတို့တွင် ပါဝင်ပတ်သက်သော လူတို့၏ အပြုအမူများ၊ စဉ်းစားတွေးခေါ်ခြင်းဖြစ်စဉ်များ၊ စိတ်ခံစားချက်များ၊ စိတ်လှုပ်ရှားမှုများနှင့် စေ့ဆော်မှုတို့ကို စိတ်ပညာရှုထောင့်မှ နားလည်ခြင်း" ဖြစ်သည်။ ဤပညာရပ်သည် အခြေခံသဘောတရားနှစ်ခုဖြစ်သည့် "နိုင်ငံရေးလွမ်းမိုးမှုနှင့် နိုင်ငံရေးအပြုအမူ" တို့မှ ရှေးဦးစွာ ဖြစ်ပေါ်လာသည်။
ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အကြား စိတ်ပညာနှင့် နိုင်ငံရေးသိပ္ပံတို့ ပေါင်းစပ်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်လာသော ပညာရပ်တစ်ခုဖြစ်သည်။ နိုင်ငံရေးဆုံးဖြတ်ချက်များ ဘယ်လိုချမှတ်သလဲ၊ ဘာကြောင့်ချမှတ်သလဲ အပေါ် သုတေသီများ နားလည်ရန် ဤပညာရပ်က ကူညီပေးသည်။
နိုင်ငံရေးစိတ်ပညာ ဖွံ့ဖြိုးတိုးတက်လာမှုသည် 1920 နှစ်များတွင် နိုင်ငံရေးခေါင်းဆောင်တို့အား စိတ်စိစစ်မှုပြုလုပ်ခြင်းများအပါအဝင် တိကျသော အဖြစ်အပျက်များနှင့်အတူ ဖြစ်ပေါ်လာသည်။ 1940 နှစ်များနှင့် 1950 နှစ်များတွင် အမေရိကန်ပြည်ထောင်စုအတွင်း ဆန္ဒမဲပေးခြင်းအပြုအမူများကို လေ့လာဆန်းစစ်ရန် နိုင်ငံရေးစိတ်ပညာကို အဓိက အသုံးပြုခဲ့သည်။ နောက်ဆယ်စုနှစ် ၂ စု(စစ်အေးကာလအတွင်း နိုင်ငံတကာဆက်ဆံရေးအကျပ်အတည်းကာလဟုသတ်မှတ်ထားသည်)အတွင်း သုတေသီများသည် ဗီယက်နမ်စစ်ပွဲကဲ့သို့သော နိုင်ငံတကာပဋိပက္ခများနှင့် နိုင်ငံခြားရေးပေါ်လစီများကို လေ့လာရန် နိုင်ငံရေးစိတ်ပညာကို အသုံးပြုခဲ့သည်။ ၂၀ ရာစု နိဂုံးချုပ်ကာလ၊ ၂၁ ရာစုအစတွင် ပညာရှင်များသည် အကြမ်းဖက်ဝါဒနှင့် လူမျိုးတုန်းသတ်ဖြတ်ခြင်းဖြစ်စဉ်များအပေါ် အာရုံစိုက်လာကြသည်။
မတူညီသည့်အခြေအနေအသီးသီးတွင် ဖြစ်ပျက်သော ဖြစ်ရပ်အမျိုးမျိုးကို ရှင်းပြခြင်းနှင့် ကြိုတင်ခန့်မှန်းခြင်းအတွက် အကူအညီဖြစ်စေရန် အပြုအမူ၏ ယေဘုယျစည်းမျဉ်းများကို တည်ဆောက်ခြင်းသည် နိူင်ငံရေးစိတ်ပညာ၏ အဓိကရည်ရွယ်ချက်များအနက် တစ်ခုဖြစ်သည်။ အဆင့်(၄)ဆင့်အပေါ် အခြေပြုထားသည့် သိပ္ပံနည်းကျ ချဉ်းကပ်မှုတစ်ခုကို နိုင်ငံရေးစိတ်ပညာက အသုံးပြုသည်။
(၁)အပြုအမူများနှင့် အဖြစ်အပျက်များအား (၎င်းတို့အပေါ်သက်ရောက်သော အကြောင်းရင်းများကို ခွဲခြားရန်) စနစ်တကျ စောင့်ကြည့်လေ့လာခြင်း
(၂)အဆိုကြမ်းများ ဖော်ထုတ်ခြင်း
(၃)ထပ်မံစောင့်ကြည့်လေ့လာခြင်းနှင့် စမ်းသပ်လေ့လာခြင်းများ ပြုလုပ်ခြင်း
(၄)ဖြေရှင်းချက်များကို ပြန်ပြင်ဆင်ခြင်းနှင့် မွမ်းမံခြင်း
နိုင်ငံရေးစိတ်ပညာသည် လူတစ်ဦးချင်းစီ၏ နိုင်ငံရေးအပြုအမူအပါအဝင် ကျယ်ပြန့်သော အကြောင်းအရာများကို လေ့လာသည်။ ထိုအကြောင်းအရာများတွင် လူတစ်ဦးချင်းစီ၏ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးပုံသွင်းခြင်း (political socialization)၊ နိုင်ငံရေးနှင့်ပတ်သက်၍ စိတ်နေသဘောထားများဖြစ်ပေါ်မှု၊ နိုင်ငံရေးအရ ပူပေါင်းပါဝင်ခြင်း၊ နိုင်ငံရေးအရ ကင်းကွာရှောင်ဖယ်ခြင်းကဲ့သို့သော အကြောင်းကိစ္စများ ပါဝင်သည်။ ဆန္ဒမဲပေးခြင်းဆိုင်ရာ အပြုအမူများ၊ နိုင်ငံရေးဆိုင်ရာ စိတ်နေသဘောထားနှင့် ကိုယ်ရည်ကိုယ်သွေးအကြား ဆက်စပ်မှုများကို လေ့လာခြင်းများလည်း ပါဝင်သေးသည်။ သုတသီများက မီဒီယာများ၏ လွမ်းမိုးမှုကိုလည်း အာရုံစိုက်ကြသည်။
ခေါင်းဆောင်မှုအခန်းကဏ္႑၊ ပြည်တွင်းမူဝါဒနှင့် နိုင်ငံခြားရေးမူဝါဒများချမှတ်ခြင်း၊ လူမျိုးတုံးအကြမ်းဖက်မှုနှင့်စစ်ပွဲများအတွင်း အပြုအမူ၊ အုပ်စုအတွင်း အပြန်အလှန်အကျိုးပြုမှုနှင့် ပဋိပက္ခဖြစ်မှု၊ လူမျိုးရေးဝါဒအပြုအမူ၊ ဆန္ဒမဲပေးခြင်းဆိုင်ရာ စိတ်နေသဘောထား၊မီဒီယာများ၏ အခန်းကဏ္႑၊ အမျိုးသားရေးဝါဒ၊ နိူင်ငံရေးအစွန်းရောက်ဝါဒများကဲ့သို့ များစွာသောအခြေအနေများတွင် နိူင်ငံရေးနှင့်ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာ သီဝရီနှင့် ချဉ်းကပ်မှုများကို အသုံးပြုသည်။
ဤဘာသာရပ်အတွင်းမှ စိတ်ပညာရှင်များသည် နိုင်ငံရေးလှုပ်ရှားမှုများကို စိတ်ဝင်စားကြသည်။ လူမှုဖွဲ့စည်းတည်ဆောက်ခြင်းအမျိုးမျိုးနှင့် အဖွဲ့အစည်းများ၏ အစိတ်အပိုင်းအဖြစ် လူတစ်ဦးချင်း၏ အပြုအမူကို လေ့လာမှုများသည် သုတေသနပြုခြင်းတွင်ပါဝင်သည်။ သုတေသီများသည် နိုင်ငံရေးလှုပ်ရှားမှုများနှင့် အခြားသော လူမှုဖွဲ့စည်းတည်ဆောက်ခြင်းတို့ကို နားလည်ရန် "လူမှုစရိုက်လက္ခဏာသီဝရီ"ကို ကြိုးစားအသုံးပြုခဲ့ကြသည်။ နိုင်ငံရေးစိတ်ပညာသည် အုပ်စုပဋိပက္ခများနှင့် အကြမ်းဖက်မှုများကို ရှင်းပြရန်ကြိုးစားပေးသည်သာမက ထိုပြဿနာများ၏ အဖြေကိုလည်းပဲ ကြိုးစားရှာဖွေပေးသည်။
နိုင်ငံရေးခေါင်းဆောင်များကို လေ့လာခြင်းသည်လည်း နောက်ထပ် အကြောင်းအရာတစ်ခုဖြစ်သည်။ ဤနေရာတွင် သုတေသီများသည် ခေါင်းဆောင်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ပိုင်းဆိုင်ရာနောက်ကြောင်းများကို အဓိက အာရုံစိုက်လေ့လာကြသည်။ ထို့အတူ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ နိုင်ငံခြားရေးမူဝါဒ၊ အကျပ်အတည်းကာလ စီမံခန့်ခွဲခြင်း၊ စေ့စပ်ဆွေးနွေးခြင်း၊ သြဇာတိက္ကမနှင့်ပြည့်စုံသည့် ဆက်ဆံရေးများ၊ အုပ်စုများအတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အကျိုးသက်ရောက်မှုများစသည်တို့နှင့် ဆက်စပ်ပတ်သက်နေသော နိုင်ငံရေးသမားတို့၏ အပြုအမူများအားလည်း လေ့လာသည်။ စိတ်ပညာရှင်အချို့က နိုင်ငံရေးဆိုင်ရာ မဟာမိတ်ဖွဲ့မှုများနှင့် ဖွဲ့စည်းတည်ဆောက်ပုံများကို လေ့လာဆန်းစစ်ကြသည်။ ဤလေ့လာမှုသည် ပူးပေါင်းမဟာမိတ်ဖွဲ့ခြင်းများကဲ့သို့ နိုင်ငံရေးသမားများအကြား အမျိုးမျိုးသော လူမှုဖွဲ့စည်းခြင်းတို့နှင့်လည်း ပတ်သက်သည်။
Jarye`zan

0 comments
Post a Comment