Saturday, April 11, 2020

Covid-19ကို အနိုင်ယူထားတဲ့ ထိုင်ဝမ်ရဲ့​အောင်မြင်မှု
peaceoftrustSaturday, April 11, 2020 0 comments

ဒီတစ်ခါတော့ COVID-19 ကို အနိုင်ယူထားတဲ့ ထိုင်ဝမ်ရဲ့ အောင်မြင်မှုကို ဖတ်ရှုရမှာဖြစ်ပါတယ် ...။ COVID-19 ကို ထိုင်ဝမ် ဘယ်လိုရင်ဆိုင်သွားလဲ ... ??

အားလုံးသိထားပြီးတဲ့အတိုင်း WHO အဖွဲ့ဝင်ဖြစ်ခွင့်မရတဲ့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနဲ့ မိုင် (၈၀) ပဲ ဝေးတဲ့ ကျွန်းနိုင်ငံတစ်ခုဖြစ်ပါတယ် ...။ ထိုင်ဝမ်နဲ့ တရုတ်ပြည်မ နှစ်ခုကြားမှာတော့ သန်းနဲ့ချီတဲ့ ခရီးသွားတွေနဲ့ ကူးလူးဆက်ဆံမှု အမြဲရှိခဲ့ပါတယ် ...။ ဒါကြောင့်လည်း ကမ္ဘာကျော် Johns Hopkins တက္ကသိုလ်က ... အခုလို ဝူဟန် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမှာ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံး အထိအခိုက်ရှိလာမယ်လို့ ခန့်မှန်းခဲ့ပါတယ် ...။ Johns Hopkins ဟာ သူတို့ရဲ့ COVID-19 Focus model မှာ ထိုင်ဝမ်ရဲ့ ဖြစ်နိုင်ချေကို ထည့်သွင်းတွက်ချက်ခဲ့တာဖြစ်ပါတယ် ...။ အဲဒီတွက်ချက်မှုဟာ တက်တက်စင်အောင် လွဲမှားခဲ့ပြီး COVID-19 ဟာ ထိုင်ဝမ်ကိုရောက်ရောက်ချင်းမှာပဲ လှုပ်ရှားမရအောင် ထိန်းချုပ်ခံလိုက်ရပါတော့တယ် ...။ ဒီနေ့ဒီအချိန်မှာတော့ ထိုင်ဝမ်ဟာ COVID-19 ခေါင်းစဥ်နဲ့ ဆေးကုသမှုခံယူနေသူ (၂၈၅) ဦး ၊ သေဆုံးသူ (၆) ဦး ၊ ပြန်လည်ကျန်းမာသွားသူ (၉၁) ဦးနဲ့ တည်ငြိမ်တဲ့ အခြေအနေကို ထိန်းထားနိုင်တာ တွေ့ရပါတယ် ...။

ဒီတော့ ထိုင်ဝမ်နိုင်ငံသားတစ်ယောက်ကို ထိုင်ဝမ်ဘာတွေလုပ်နေလဲဆိုတာ မေးစမ်းဖို့အတွက် လိုက်ရှာရတော့တာပါပဲ ...။

ကံကောင်းထောက်မစွာနဲ့ တွေ့ပါပြီ ... သူ့နာမည်ကတတော့ Anna Lee ပါ ... အသက် (၂၈) နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသူတစ်ဦးဖြစ်ပါတယ် ...။ သူမဟာ U.K. ကနေ ထိုင်ဝမ်ကို ပြန်တော့မှာမို့ လန်ဒန် Gatwick လေဆိပ်ကိုတောင် ရောက်နေပါပြီ ...။ U.K. က သူ့ချစ်သူကို ထားခဲ့ပြီး ထိုင်ဝမ်ကို ပြန်ဖို့ရွေးချယ်ခဲ့တာလို့ သူမကဆိုပါတယ် ...။ သူမကို ကြည့်လိုက်တော့ နှာခေါင်းစည်းတပ်ထားတဲ့အပြင် လေလုံမျက်မှန်ကြီးကိုပါ တပ်ဆင်ထားတာ တွေ့ရပါတတယ် ...။ ဒါကို သူမက "I am trying to avoid any contact to air." "လေနဲ့ မထိအောင် ကိုယ်တတ်နိုင်သလောက် ပြင်ဆင်ထားတာ" လို့ ပြောပြပါတယ် ...။ ဆက်ပြီးတော့ သူမက "U.K. မှာ ရောဂါနဲ့ပတ်သက်လို့ လုံခြုံမှုမရှိပါဘူး ... ဝန်ကြီးချုပ်က တုံ့ပြန်မှုနှေးတယ်လို့ ကျွန်မထင်တယ်လေ ... သူ့နိုင်ငံသားတွေကိုတောင် မကူညီနိုင်တာ ... ကျွန်မလို အပြင်ကလာတဲ့သူဆိုရင်တော့ ပိုဆိုးပြီပေါ့ ... ဒါကြောင့်လည်း ငါ ထိုင်ဝမ်ကို ပြန်ဖို့ဆုံးဖြတ်တာ ... အဲဒီမှာ လူတိုင်းက အရမ်းဂရုစိုက်ကြတယ် ..." လို့ ပြောပြပါသေးတယ် ...။

အဲဒီ လေဆိပ်မှာပဲ ထိုင်ဝမ်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Jason Yang ဆိူသူနဲ့ ထပ်တွေ့ခဲ့ပါတယ် ...။ သူ့ကိုကြည့်ရတာကတော့ ပိုပြီးကို ထူးခြားပါတယ် ... နှာခေါင်းစည်း ၊ လေလုံမျက်မှန် အပြင် PPE ဝတ်စုံလိုယူဆရတဲ့ အဖြူရောင်ဝမ်းဆက်ဝတ်စုံတစ်ခုကို အပြည့်အစုံဝတ်ဆင်ထားပြီး ထိုင်နေတာဖြစ်ပါတယ် ...။ "ကျွန်တော် ဒီ ဝတ်စုံကို eBay ကနေ ဝယ်ထားတာပါ ... အခု တိုင်ပေကို ပြန်မလို့ လေယာဉ်စောင့်နေတာ ...." လို့ ပြောပြပါတယ် ...။ "အင်္ဂလန်ကတော့ အခြေအနေမကောင်းတော့ဘူး ... ထိုင်ဝမ်ကို ပြန်ရင်တော့ ပိုကောင်းမယ်လို့ထင်တယ် ... ဟိုမှာ ဂရုစိုက်တာကြားတယ် ..." လို့လည်း သူက ပြောပြပါသေးတယ် ...။

အချိန်အတော်ကြာကြာ လေယာဉ်ခရီးစဉ်လိုက်ပါပြီးနောက် Anna Lee တစ်ယောက်တော့ ထိုင်ဝမ်ကို ပြန်ရောက်ပါပြီ ...။

ထိုင်ဝမ်ရဲ့ COVID-19 ကူးစက်ရောဂါ ကိုင်တွယ်မှုမှာ ပထမဆုံးဆောင်ရွက်ချက်ကတော့ ရောဂါဖြစ်နိုင်ချေရှိတဲ့ လူ (cases) တွေ အကုန်ဆွဲထုတ်လိုက်တာပါပဲ ...။ "လာမယ့် (၁၄) ရက်အတွင်း ကျွန်မရဲ့ ကိုယ်အပူချိန်ဖြည့်ဖို့ Form တစ်ခုကို ထုတ်ပေးပါတယ် ... ပြီးခဲ့တဲ့ (၂) ပတ်အတွင်းက ချောင်းဆိုးဖူးတယ်လို့ ပြောပြလိုက်တော့ ကျွန်မကို နောက်တစ်နေရာခေါ်သွားပြီး Secondary Screening လုပ်ပါတယ် ... ကိုယ်အပူချိန်ကို တိုင်းပါတယ် ... တစ်ခြား ဘာလက္ခဏာတွေပြသေးလဲ မေးပါတယ် ... နောက်တော့ ပြည်ပက ဝင်လာသူတွေအတွက် လိုက်နာရမယ့် စည်းမျဉ်းတွေပါတဲ့စာရွက်ရယ် .. လတ်တလော ကျန်းမာရေးမှတ်တမ်းပုံစံတစ်ခုရယ် ဖြည့်စွက်ပြီး စည်းမျဉ်းများကို လိုက်နာပါမယ့်အကြောင်း လက်မှတ်ထိုးပေးရပါတယ် ... ပြီးတာနဲ့ တစ်ခါတည်း COVID-19 Test ကို လေဆိပ်မှာတင် လုပ်ရပါတယ် ..." လို့ Anna က ပြောပါတယ် ...။ ထိုင်ဝမ်မှာက နိုင်ငံသားတိုင်းရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေအကုန်လုံးဟာ National Health Care Database ဆိုတဲ့ Database အကြီးကြီးထဲမှာ ရှိပါတယ် ...။ ကိုယ်နဲ့သက်ဆိုင်တဲ့ Coronavirus Database ဆိုပြီး သပ်သပ်ပြန်ထွက်လာဖို့ကိုတော့ Mobile Application တစ်ခုသုံးခိုင်းပြီး Online ကနေ မှတ်ပုံတင်ပေးရတာဖြစ်ပါတယ် ...။ Anna သည်လည်း Coronavirus Database မှာ ထိုင်ဝမ်ကျန်းမာရေးကပေးတဲ့ Mobile Application သုံးပြီး မှတ်ပုံတင်ရမှာဖြစ်ပါတယ် ... မှတ်ပုံတင်ပြီးရင်တော့ အဲဒီစနစ်ကနေ SMS ပြန်ပို့ပါတယ် ... အဲဒီ SMS ကို လေဆိပ်မှာ ပြသနိုင်မှသာ လေဆိပ်ထဲကနေ ထွက်ခွာခွင့် ပြုတာဖြစ်ပါတယ် ...။ အဲဒီ Mobile Application ဟာ Anna ရဲ့ နိုင်ငံတွင်း သွားလာမှုကိုပါ စောင့်ကြည့်ထောက်လှမ်းနေမယ့် စနစ်ပါဝင်ပါတယ် ...။

ဒါဟာ ထိုင်ဝမ်ကျန်းမာရေးအာဏာပိုင်များရဲ့ COVID-19 ကို ခြေရာခံခြင်း စတင်လိုက်တာပါပဲ ...။ အဲဒီနောက် Anna မှာ ပါလာတဲ့ အိတ်များကို ပိုးသတ်ခြင်းလုပ်ငန်းဆောင်ရွက်ပါတယ် ...။ ပြီးရင်တော့ အစိုးရက စီစဉ်ထားတဲ့ တက္ကဆီနဲ့ပဲ ကိုယ်သွားမယ့်နေရာကို သွားနိုင်ပါပြီ ...။ အစိုးရက စီစဉ်ပေးတယ်ဆိုပေမယ့် ခရီးစဉ်အလိုက် ပိုက်ဆံပေးရတာဖြစ်ပြီး အလကားတော့ စီးရတာမဟုတ်ပါဘူး ... ဒါက အစိုးရဘက်က Anna လို လူမျိုးတွေ လေဆိပ်ကထွက်ထွက်ချင်း ဘယ်ကိုအရင်ဆုံးသွားတယ်ဆိုတာကို ထောက်လှမ်းအတည်ပြုလိုက်တဲ့ လုပ်ရပ်တစ်ခုပါပဲ ...။ Anna ကတော့ အိမ်ကိုပြန်နေပါပြီ ... အစိုးရနဲ့ သဘောတူညီချက်အတိုင်း (၁၄) ရက်ကြာမယ့် Quarantine စည်းမျဉ်းများနဲ့ အညီ နေထိုင်သွားရမှာဖြစ်ပါတယ် ... အဲဒီ (၁၄) ရက် အတွင်းမှာတော့ ထိုင်ဝမ်ကျန်းမာရေးဝန်ထမ်းတွေဟာ Anna ကို အဆက်မပြတ် ဆက်သွယ်ပြီး သတင်းယူနေမှာဖြစ်ပါတယ် ...။

နောက်တစ်ယောက် ချိတ်ဆက်မိသူကတော့ Micky Du ဆိုသူဖြစ်ပါတယ် ...။ သူကတော့ ပြီးခဲ့တဲ့ မတ်လ (၂၂) ရက်နေ့ကပဲ သြစတေးလျကနေ ထိုင်ဝမ်ကအိမ်ကို ပြန်ရောက်နေတာပါ ...။ "ပထဆုံး အိမ်ပြန်ရောက်ရောက်ခြင်းမှာပဲ ကျွန်တော့်ဆီကို ဖုန်းတစ်ခုဝင်လာတယ် ... နေလို့ကောင်းရဲ့လား ... နေရထိုင်ရ အဆင်ပြေရဲ့လား ... ဘာလိုသေးလည်း မေးပါတယ် ...။ အဲဒီနောက် SMS တွေလည်း ဝင်လာပါသေးတယ် ... ထိုင်ဝမ်ကနေ ကြိုဆိုပါတယ် ... ဒီ Message ပို့တာ CDC ကပါ ... စောစောကလိုပါပဲ နေကောင်းလား အဆင်ပြေရဲ့လားပေါ့ ... နောက်ပြီး ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူက ဒီအိမ်မှာပဲ အတူတူနေကြတာပါ ... သူ့ကိုလည်း မှတ်တမ်းတွေယူထားပါတယ် ... ပြည်ပက ပြန်ဝင်လာသူတွေအားလုံးဟာ သူတို့ရဲ့ Mobile Phone ကတစ်ဆင့် အသွားအလာကို စောင့်ကြည့်ခြင်းခံထားရပါတယ် ... ဒီမှာ ကြည့်ပါဦး ... CDC က ပို့ပေးတဲ့ Messages တွေ ... ဒီလိပ်စာမှာ နေနေတာမှန်ရဲ့လား ... ကျွန်မတို့ ခဏနေရင် ဖုန်းဆက်ပါဦးမယ် ... တွေ့လား ..." လို့ Micky Du က SMS တွေ ပြရင်းနဲ့ ပြောပြပါတယ် ...။ "နောက်တော့ CDC က အမျိုးသမီးတစ်ယောက် ဖုန်းဆက်တယ်ခင်ဗျ ... ကျွန်မတို့ ရှင့်ဆီကိုလာနေပြီ ... နောက် (၅) မိနစ်လောက်ဆိုရောက်မယ်လို့ ပြောပြီး (၄) မိနစ်လောက်ပဲ ရှိမယ်ထင်တယ် ... သူတို့ရောက်လာကြပါတယ် ... အိမ်ထဲတော့ မဝင်ဘူးခင်ဗျ ... အပြင်ကနေပဲ ဗူးတစ်ဗူးလှမ်းပေးပါတယ် ... ဖွင့်ကြည့်လိုက်တော့ အထဲမှာ နှာခေါင်းစည်း (၁၄) ခုပါပါတယ် ... " ဒါကတော့ Micky Du ဆက်ပြောပြတဲ့ စကားတွေပါ ...။ ထိုင်ဝမ် ရောဂါထိန်းချုပ်ရေးဗဟို CDC ဟာ (၁၄) ရက်တာ နေအိမ်ခြေချုပ်ကာလအတွင်း နှစ်ဦးနှစ်ဖက်အဆင်ပြေသက်သာစေမယ့် အစီအစဉ်တွေကို ရေးဆွဲဆောင်ရွက်ခဲ့တာဖြစ်ပြီး COVID-19 အန္တရာယ်ကို အဓိပ္ပါယ်ရှိရှိ လက်တွေ့ကျကျ တုံ့ပြန်သွားတာပဲဖြစ်ပါတယ် ...။

နောက်တစ်ယောက် တွေ့ဆုံမိသူကတော့ ထိုင်ဝမ် CDC ရဲ့ အကြီးအကဲ Steve Kuo ပါ ...။
"ဒီမှာ SARS ဖြစ်ခဲ့ပြီးနောက်ပိုင်းပေါ့ ... ကျွန်တော်တို့ ထိုင်ဝမ်ကို ဒီလိုအန္တရာယ်တွေ ဝင်လာနိုင်တယ်ဆိုတာ အားလုံးက အမြဲသတိထားနေခဲ့ကြတာပါ ... ပြီးတော့ SARS မှာကတည်းက ကျွန်တော်တို့ သင်ယူစရာ သင်္ခန်းစာတွေ အများကြီးရလိုက်ပါတယ် ... ၂၀၀၃ ခုနှစ် SARS တိုက်ဖျက်ရေးအဖွဲ့ကို ကျွန်တော်ပဲ ဦးဆောင်ခဲ့ရတာခင်ဗျ ... အဲဒီတုန်းက (၇၀) ကျော် သေဆုံးခဲ့ပြီး ရာနဲ့ချီပြီး ကူးစက်မှုတွေ ခံခဲ့ရတယ်လေ ... ကမ္ဘာမှာ တတိယထိခိုက်မှုအများဆုံး ဖြစ်ခဲ့ရတာပါ ..." လို့ Steve က ပြောပြပါတယ် ...။ အဲဒီနောက်ပိုင်းမှာတော့ ထိုင်ဝမ် CDC ဟာ နောင်လာမယ့် အန္တရာယ်တွေအတွက် ပြင်ဆင်မှုတွေ အများကြီးဆောင်ရွက်ခဲ့ပြီး အဲဒီပြင်ဆင်မှုတွေနဲ့ပဲ COVID-19 ကို ရင်ဆိုင်ခဲ့တာဖြစ်ပါတယ် ...။ "တရုတ်အစိုးရက တရားဝင်မကြေငြာမှီ ဝူဟန်မှာ ထူးဆန်းတဲ့ ကူးစက်ရောဂါတစ်ခု ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ သိလိုက်ရတယ်ခင်ဗျ ... လူမှုကွန်ယက်ကနေ သိခဲ့ရတာပါ ... အဲဒါနဲ့ ကျွန်တော်လည်း ဘာတွေဖြစ်နေလည်းဆိုတာ အသေးစိတ်သိရအောင် CDC က ဆရာဝန်နှစ်ယောက်ကို ဝူဟန်ကို လွှတ်လိုက်ပါတယ် ... သူတို့ဆီက သတင်းအချက်အလက်တွေ စုဆောင်း ... ကျွန်တော်တို့ အစည်းအဝေးလုပ် ... နောက် (၅) ရက်အကြာ ဇန္နဝါရီ (၂၀) မှာတော့ အဲဒီအန္တရာယ်ကို သတိကြီးကြီးနဲ့ တက်ကြွစွာ တုံ့ပြန်ဖို့ အစိုးရအဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပြီး ဗဟိုထိန်းချုပ်ရေးဌာန Command Center တစ်ခု ထူထောင်လိုက်ပါတယ် ... အဲဒီ ဌာနကနေပဲ နယ်စပ်ပိတ်ဆို့မှုတွေ ... Quarantine ခြေချုပ်စည်းမျဉ်းတွေ ... အစီအစဉ်အကုန်ရေးဆွဲခဲ့ပါတယ် ...။ ထိုင်ဝမ်သို့ ဝင်/ထွက် သွားလာမှုကိုလည်း တစ်ခြားနိုင်ငံတွေထက် စောပြီး ကန့်သတ်နိုင်ခဲ့ပါတယ် ...။ နောက်တစ်ခုက နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး ထိုင်ဝမ်မှာနေထိုင်သူတွေအားလုံး မျက်နှာဖုံးနှာခေါင်းစည်း အလွယ်တကူ ဝယ်လို့ရမယ့်နေရာတွေကို ညွှန်ပြပေးတဲ့ Mobile Application တစ်ခု ရေးဆွဲ ဖြန့်ဝေခဲ့ပါတယ် ...။ နောက် Application တစ်ခုကတော့ COVID-19 ရှိသူတွေ သံသယရှိသူတွေ အတွက် ရေးဆွဲထားတဲ့ Application ပါ ...။ ပြီးတော့ ဆေးဝါးတွေ၊ ဆေးနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေ လုံလုံလောက်လောက်ရှိအောင် ပြင်ဆင်ထားခဲ့ပါတယ် ... နှာခေါင်းစည်းလိုမျိုး လိုမယ့်အရာတွေကိုလည်း စက်ရုံတွေကနေ ကြိုတင်ပြီး ထုတ်လုပ်ထားလိုက်ပါတယ် ...။ အဲဒီအတွက် ဆေးရုံတိုင်းဟာ သူတို့လိုတာမှန်သမျှကို ရက် (၃၀) စာ စုဆောင်းပြီးသား ဖြစ်ခဲ့ပါတယ် ...။ ကျွန်တော်တို့ ဘာကြောင့် ဒီလောက် စောစော ပြင်ဆင်ထားရတာလဲဆိုရင်တော့ တရုတ်အစိုးရနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲကို မယုံကြည်လို့ပါပဲ ..." လို့ Steve က သေသေချာချာ ရှင်းပြခဲ့ပါတယ် ...။

ဆက်ပြီးတော့ Steve ကပဲ "ခင်ဗျားလည်း သိပြီးသားပါ ... သမိုင်းကြောင်းကို ပြန်ပြောရရင် တရုတ်ဟာ ကျွန်တော်တို့ ထိုင်ဝမ်ကို WHO အဖွဲ့ထဲကို ဝင်ခွင့်မပြုခဲ့ပါဘူး ... WHO ကလည်း တရုတ်ရဲ့ အပြုအမူကို လက်ခံခဲ့ပါတယ် ... ဒီလုပ်ရပ်ဟာ အံ့သြစရာတော့ မရှိပါဘူး ... ဘာကြောင့်လဲဆိုတော့ ထိုင်ဝမ်ဟာ ကမ္ဘာပေါ်မှာ အဓိကကျတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ... နိုင်ငံတကာဆိုင်ရာ ကျန်းမာရေးကျွမ်းကျင်မှုမှာလဲ လိမ္မာပါးနပ်လွန်းလို့ပါ ..." လို့ ပြောခဲ့ပါတယ် ...။ Steve နဲ့ စကားပြောပြီးတဲ့နေ့မှာပဲ ထိုင်ဝမ်အစိုးရဟာ ကမ္ဘာတစ်ဝှမ်းရှိ ဆေးဘက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများကို နှာခေါင်းစည်း (၁၀) သန်း ၊ အမေရိကန်နိုင်ငံကို (၂) သန်း ပေးပို့ လှူဒါန်းသွာားမယ်လို့ ကြေငြာခဲ့ပါတယ် ...။

KooK - 10-04-2020
In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment