Friday, June 19, 2020

ဦးဏှောက်များကို မီးညှိခြင်း
peaceoftrustFriday, June 19, 2020 0 comments

၁၉၉၈ခုနှစ် ဝန်းကျင်၊ ကမ္ဘာမှာ စစ်အေးတိုက်ပွဲ နိဂုံးပိုင်း ရောက်နေပြီး အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ သူနိုင်ကိုယ်နိုင် နိုင်ငံရေးနဲ့ စစ်ရေးဗျူဟာ ခင်းနေတဲ့အချိန်..အဲဒီအချိန်မှာ အိန္ဒိယက သူတို့ရဲ့ တိုက်ချင်းပစ် ဒုံးပျံ ကို ၁၉၉၈ ဖေဖော်ဝါရီ ၂၅ရက်နေ့ မှာ ပစ်လွှတ်ခဲ့ပါတယ်။ သူ့အရင်က စမ်းသပ်မှုတွေ မအောင်မြင်ခဲ့တာမို့ တနိုင်ငံလုံးကလဲ ရင်တမမနဲ့ စောင့်ကြည့်နေခဲ့ရတာပါ။ ပစ်ခတ်ဖို့ စက်လုပ်နှိပ်လိုက်တာနဲ့ ဒုံးပျံဟာ မီးရူးတန်းသဖွယ်မိုးပေါ်တက်သွားပြီး တနာရီ ကီလိုမီတာသုံး ထောင်နှုန်းနဲ့ ပျံသန်းကာ ပစ်မှတ်ကိုမလွဲတမ်း ထိခဲ့ပါတယ်။ နှစ်ပေါင်း ၂၅နှစ် ကျော် စမ်းသပ်လာခဲ့ပြီး အကြိမ်နှစ်ဆယ်ကျော် စမ်းသပ်ကျရှုံးခဲ့ရာကနေ သီးပွင့်လာတဲ့ ဒုံးပျံ ပစ်ခတ်မှုဟာ နောက်ဆုံးတော့ အောင်မြင်သွားတဲ့အတွက် အိန္ဒိယနိုင်ငံ ဟာလဲ တိုက်ချင်းပစ် မဟာဗျူဟာမြောက်ဒုံးပျံ ပိုင်ဆိုင်တဲ့နိင်ငံအဖြစ်သမိုင်းသစ်ထူနိုင်ပါတော့တယ်။
ဒီကိစ္စရပ်တွေ ပြီးသွားတော့ ဒီဒုံးပျံကို အောင်မြင်အောင် စမ်းသပ်တီထွင် ဦးဆောင်ခဲ့တဲ့သူကို အိန္ဒိယတနိုင်ငံလုံးက ချီးကျူးထောပနာပြုပြီး နိုင်ငံ့သူရဲကောင်း တဦးအဖြစ်သတ်မှတ်လိုက်ကြပါတော့တယ်။ သူဟာ ကျရှုံခဲ့တဲ့ စမ်းသပ်မှုတွေအတွက် ခေါင်းခံခဲ့ပြီး အောင်မြင်တဲ့အခါကျတော့ သူ့လုပ်ဖော် ကိုင်ဖက်တွေတော်လို့ပါဆိုကာ နာမည်ကောင်းမယူတဲ့ ခေါင်းဆောင်ကောင်း တဦးလဲ ဖြစ်တယ်။ သူကတော့ အိန္ဒိယနိုင်ငံရဲ့ ဒုံးပျံလူသားလို့ နာမည်တွင်ခဲ့တဲ့ ၁၁ဦးမြောက် အိန္ဒိယနိုင်ငံရဲ့ သမ္မတကြီး အေပီဂျေ အဗ္ဗဒူလ်ကလမ်ပဲ ဖြစ်ပါတယ်။
နာမည်ရင်း အဗူးလ်ပါကီးရ်ဂျိုင်နိုလာဒင်အဗ္ဗဒူလ်ကလမ်လို့ခေါ်တဲ့ ၁၁ဦးမြောက် အိန္ဒိယနိုင်ငံရဲ့ သမ္မတဖြစ်လာမယ့် အဗ္ဗဒူလ်ကလမ်လေးကို အိန္ဒိယနိုင်ငံ တမီးလ်နာဒူပြည်နယ်မှာ ၁၉၃၁၊ အောက်တိုဘာ ၁၅ မှာမွေးဖွား ခဲ့ပါတယ်။ အဖေဟာ လှေပိုင်ရှင်နဲ့ ဗလီက အီမမ်တဦးဖြစ်တယ်။ ယေက်ျားလေး ၄ယောက်နဲ့ မိန်းကလေး ၁ယောက်ပါတဲ့ မောင်နှမထဲမှာ အငယ်ဆုံးဖြစ်တယ်။ ကျောင်းတက်တော့ ကျောင်းမှာ အတော်ဆုံးမဟုတ်ပေမယ့် ထက်ပြီး ကြိုးစားတဲ့ ကျောင်းသားတဦးလဲဖြစ်တယ်။ အဓိက သူဟာ သင်္ချာမှာ ထူးချွန်ခဲ့တယ်။ အထက်တန်းအောင်တော့ မဒရပ်စ်တက္ကသိုလ်မှာ ရူပဗေဒ အထူးပြုနဲ့တက်ခဲ့ပြီး ဘွဲ့ရပြီးတဲ့နောက် မဒရပ်စ်နည်းပညာတက္ကသိုလ်မှာ လေကြောင်းနဲ့အာကာသ အင်ဂျင်နီယာ ပြန်တက်ပါတယ်။ ကျောင်းပြီးအောင် တင်သွင်းရတဲ့ ပရိုဂျက်တခုကို သူ့ကိုအမြင်ကပ်တဲ့ဆရာ တယောက်က ၃ရက်နဲ့အပြီးလုပ်ခိုင်းတာကို သူကလဲ ပြီးအောင်ကို လုပ်ဆောင်အောင်မြင်ခဲ့တယ်လို့ဆိုတယ်။
ကျောင်းပြီးတော့ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာသုတေသနဲ့ဖွံ့ ဖြိုးရေး အဖွဲ့အစည်းမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ သူဟာ အဖွဲ့အစည်းမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး အိန္ဒိယ နိုင်ငံကို တင်းပြည့်ကျပ်ပြည့် နျူကလီးယာပိုင်ဆိုင်တဲ့ အင်အားကြီးနိုင်ငံတခုဖြစ်လာစေခဲ့ကာ သူ့ကိုလဲ အိန္ဒိယနိုင်ငံရဲ့ အမျိုးသား သူရဲကောင်းဖြစ်လာစေခဲ့တဲ့ "ပိုခရမ်-၂ နျူကလီးယား စမ်းသပ်မှု"ကို ၁၉၉၈ခုနှစ်မှာ ပြုလုပ်ခဲ့စဉ်မှာလဲ ဦးဆောင်မှုပေးခဲ့ပါတယ်။ 
အဲဒီနောက်၂၀၀၂မှာတော့ အဲဒီအချိန်က အာဏာရ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစုကနေ သူ့ကို သမ္မတအရွေးခံဖို့ အမည်စာရင်းတင်သွင်းခဲ့ရာမှာ သူဟာမူစလင်ဘာသာ ဝင်ဖြစ်နေခဲ့ပေမယ့် ဟိန္ဒူကြီးစိုးပြီး အိန္ဒိယအမျိုးသားရေးစိတ်ပြင်းထန်တဲ့ အိန္ဒိယ အမျိုးသားကွန်ဂရက်ကတောင် သူ့ကို သမ္မတအဖြစ် ထောက်ခံခဲ့ပါတယ်။ ရွေးကောက်ပွဲမှာလဲ အဗ္ဗဒူလ်ကလမ်ဟာ အခက်အခဲမရှိ ကျော်ဖြတ်ခဲ့ပြီး အိန္ဒိယ နိုင်ငံရဲ့ ၁၁ဆက်မြောက် သမ္မတအဖြစ် ၂၀၀၂ ကနေ ၂၀၀၇ အထိတာဝန် ထမ်းဆောင်ခဲ့တယ်။
ဒီလို အစ္စလာမ်ဘာသာဝင် သမ္မတဖြစ်ပေမယ့် ဟိန္ဒူတွေ အများစုရှိတဲ့ အိန္ဒိယလိုနိုင်ငံ တစ်နိုင်ငံ လုံးက ချစ်ခင်ခြင်းခံရတဲ့ အကြောင်းရင်း ကိုကြည့်ရင်. အိန္ဒိယ ကာကွယ်ရေးနှင့် အာကာသ နည်းပညာ တိုးတက်မှု သုတေသန ဌာန မှာ ဆယ်စုနှစ် ၄ ခုစာ ဘဝကို ပေးဆပ်ခဲ့ခြင်း၊  ပါကစ္စတန်နဲ့ တရုတ်ပြည်ရဲ့ နူကလီယား စွမ်းရည်ကို မျှခြေ လုပ်ဖို့ "ပိုခရမ်-၂ နျူကလီးယား စမ်းသပ်မှု" ကို ၁၉၉၈ မှာအောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ခြင်း စတာတွေအပြင် အိန္ဒိယနိုင်ငံဖွံ့ဖြိုးတိုးတက်လာဖို့ ၁၉၉၈ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ “အိန္ဒိယ မျှော်မှန်းချက် ၂၀၂၀” ဆိုတာရဲ့ နောက်ကွယ်က အဓိက မောင်းနှင်မှု တွန်းအားရှင်ဖြစ်နေတာ စတာတွေကြောင့်ဖြစ်တယ်လို့ ပြောရင်မမှားပါဘူး။ ဒါ့အပြင် ၂၀၀၂ ခုနှစ်မှာ သမ္မတအဖြစ်တာဝန်စယူတော့ သမ္မတ အိမ်တော်ကို စာအုပ်သေတ္တာနှစ်လုံးတည်း ပါလာပြီး ၂၀၀၇ခုနှစ်မှာ တာဝန် ကနားလို့ပြန် တော့လည်း ဒီသေတ္တာ နှစ်လုံးပဲပြန်သယ်သွားတဲ့ သူ့ရဲ့ရိုးဖြောင့်မှုဂုဏ်ကလဲ ပြောစမှတ်ပဲဖြစ်ပါတယ်။ 
၂၀၁၅ ဂျူလိုင် ၂၇ရက်နေ့၊အိန္ဒိယစီမံခန့်ခွဲမှုတက္ကသိုလ်မှာ လက်ချာပြောနေတုန်း ရုတ်တရက်လဲပါတယ်။ အဲဒီအချိန်မှာသူပြောနေတဲ့ ခေါင်းစဉ်က "ပိုမိုကောင်းမွန်သော ကမ္ဘာမြေ" ဖြစ်ပါတယ်။ သူလဲတဲ့အချိန်ဟာ ညနေစောင်း ၆:၃၅မိနစ်ဖြစ်ပြီး ၇:၄၅မိနစ်မှာဆုံးပါတယ်။ တသက်လုံးတိုင်းပြည်အတွက် ပေးဆပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကို အိန္ဒိယက အမြင့်ဆုံးနိုင်ငံတော် ဈာပနအဖြစ် သတ်မှတ်ကျင်းပကာ တတိုင်းပြည်လုံးက နှုတ်ဆက်ခဲ့ကြပါတယ်။ 
မြန်မာပြည်ဟာ အိန္ဒိယနဲ့ လွတ်လပ်ရေးရချိန်မတိမ်းယိမ်းသလို၊ သမိုင်း နောက်ခံနဲ့ ပြည်တွင်းရေး ရှုပ်ထွေးမှုဟာလဲမကွာလှပါဘူး။ ဒီမိုကရေစီတိုင်းပြည် တခုအနေနဲ့ ကျွန်တော်တို့သင်ယူသင့်တဲ့ အချက်တွေလဲ အများကြီးရှိပါတယ်။ အရည်အချင်းရှိတဲ့သူဆိုရင် မတူကွဲပြားပေမယ့် နေရာပေးတာ၊ နိုင်ငံကို ကာကွယ်နိုင်တဲ့ (ကိုယ့်အချင်းချင်းတိုက်ဖို့မဟုတ်ပဲ) အများခန့်ငြားရလောက်တဲ့အရည်အချင်းရှိတဲ့ တပ်မတော်တရပ်ကို ထူထောင်နိုင်တာ၊ လူဦးရေများလို့ ဆင်းရဲနေသေးပေမယ့် ခိုင်မာတဲ့ နိုင်ငံရေးအင်စတီကျူးရှင်းကို တည်ထောင် နိုင်တာ စတာတွေဟာ ယူသင့်တဲ့အမူအကျင့်တွေလို့မြင်မိတယ်။
"အိပ်မက်ဆိုတာ အိပ်နေတုန်းမြင်မက်တာတွေမဟုတ်ပဲ၊ သင့်ကို အိပ်လို့မရအောင် မြင်မက်စေတဲ့ အရာတွေသာဖြစ်တယ်"
         ~အေပီဂျေ အဗ္ဗဒူလ်ကလမ် (၁၉၃၁-၂၀၁၅)

ref:
- Britannica and AbdulKalam.com.
- Indian express and BBC.
In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment