Saturday, June 27, 2020

ခေတ်ပြိုင် မြန်မာ့နိုင်ငံရေးကို အခြေခံမဟာဗျုဟာများဖြင့် လေ့လာခြင်း
peaceoftrustSaturday, June 27, 2020 0 comments

"" ခေတ်ပြိုင်မြန်မာ့နိင်ငံရေးကို  အခြေခံမဟာဗျုဟာရှုထောင့်များဖြင့်စဉ်းစားခြင်း  ""  
============================

' မောင်စူးစမ်း  '

ထူးခြားမှုလေးပါး
==========

ခေတ်ပြိုင်မြန်မာ့နိင်ငံရေးဖြစ်ထွန်းမှု၌ မျဉ်းပြိုင်မရှိ ။ နှိုင်းယှဉ်ရန်မရှိ ။ တူညီချက်မရှိပေ ။ No parallel , No comparison  , No  analogy ဟု ဆိုရမည်။ တသီးတခြားထူးခြားမှုရှိသော  ဖြစ်ထွန်းမှု  ဖြစ်သည် ။ ပို့စ်မော်ဒန်စကားနှင့်ပြောရလျှင်  ဒေသသဘော (local ) ဆန်သည်။ မြန်မာ့နိင်ငံရေးကို အကဲခတ်လျှင်  သီးခြားဖြစ်သောထူးခြားချက်တို့ကို  အခြေခံဖို့ လိုအပ်သည် ။ Specificity  base  ဟုပြောရမည် ။ အစစ်အမှန်ယထာဘူတ ကျရပေမည် ။

မြန်မာ့ခေတ်ပြိုင်နိင်ငံရေးဖြစ်ထွန်းမှုသည် ရိုးရိုးစင်းစင်းသမားရိုးကျဖြစ်ထွန်းသည်မဟုတ် ။ ဆန်းဆန်းပြားပြားဖြစ်ထွန်းသည် ။ ရှုပ်ရှုပ်ထွေးထွေးဖြစ်ထွန်းသည် ။ အပြတ်အတောက်တွေများသည်။အကွေ့အကောက်တွေများသည်။မျဉ်းဖြောင့်မဟုတ် ။ Non-linear  ဖြစ်သည်။
ဤအချက်ကိုသက်သေထူပါ ဟုဆိုလျှင်အချက်(၄)ချက် ဖြင့်  ပြောဆိုနိင်သည် ။

၁။  လွတ်လပ်ရေးပြီးကတည်းက  မြန်မာ့ခေတ်ပြိုင်နိင်ငံရေးဖြစ်ထွန်းမှုတွင် သမ္မတ ၊ ဝန်ကြီးချုပ်တွေ ဇာတ်သိမ်းမကောင်းခဲ့ကြပေ ။ လွတ်လပ်ရေးမရမီကြားကာလ 
သမ္မတဖြစ်သူ ဒေါက်တာဘဦး မှလွဲ၍မည်သည့်သမ္မတ
မည်သည့်ဝန်ကြီးချုပ်မှ  ခပ်အေးအေးဖြင့်နိင်ငံရေးဇာတ်ခုံပေါ်မှ ဆင်းသွားရသည်ဟူ၍မရှိ ခဲ့ပေ ။

၂။  စျေးကွက်စီးပွားရေး နှင့်  ဒီမိုကရေစီသည် ဒွန်တွဲနေရာမှ  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်တွင် ဇီဝိန်ချုပ်သွားသည်။ " စျေးကွက်စီးပွားရေး "နှင့် " ဒီမိုကရေစီ "
သည်၁၉၈၈ ခုနှစ်အရေးအခင်းအပီး၌ ဒွန်တွဲ၍ ပြန်မပေါ်လာခဲ့ပေ။နှစ်ခုအကြားအဆက်ပြတ်သွားသည်။ စျေးကွက်စီးပွားရေးက အရင်ပေါ်လာသည်။ဒီမိုကရေစီက ကျန်ရစ်ခဲ့သည်။ယခုမှ ဒီမိုကရေစီကိုပြန်စ ရသည်။

၃။ ၁၉၉၀ ရွေးကောက်ပွဲတွင်အနိင်ရသည့်ပါတီက
Winning party not become ruling party  ဟု ဆိုရမည်။

၄။  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် စစ်ဘက်စပွန်ဆာဖြင့် ပေါ်ပေါက်ရသည်။ ခေတ်သစ်တွင်ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် " The will of the  People " ဆိုသည်ထက်  " The will
of the Powerful "  ဖြင့် ပေါ်ပေါက်လာခဲ့ရသည်။

*****************************

မဟာဗျုဟာရှုထောင့် 
===========

ဆိုခဲ့ပါထူးခြားချက်တို့ကို  မျက်မှောက်ပြုနေရသည့်အတွက် မြန်မာနိင်ငံ၏ခေတ်သစ်ဖြစ်ထွန်းမှုကို ဘယ်လိုမဟာဗျုဟာရှုထောင့် strategic perspective ဖြင့် ကြည့်မလဲ   ဟူသော ပြဿနာ     က ပေါ်လာသည် ။

အချို့က မြန်မာ့နိင်ငံရေး၏ ခေတ်သစ်ဖြစ်ထွန်းမှုကို 
မဟာဗျုဟာရှုထောင့်မှကြည့်ရန်မလို ။ ရေတိုပေါ်ပင်ပေါ်ပြုလာ  နည်းဖြင့် ချဉ်းကပ်ရုံ လုံလောက်သည်ဟု ပြောသည်။ အချို့ကတော့ မြန်မာ့နိင်ငံရေးဖြစ်ထွန်းမှုကို 
" လောကအလုံးစုံမှန်ကန်သော စံ " တို့ဖြင့် ချိန်ထိုးကြည့်ရမည်ဟု ဆိုသည်။

ပို့စ်မော်ဒန် က ဒီမိုကရေစီကို  ဒေသသဘော (local )
ဟု သုံးသပ်သည် ။ ယူနီဗာဆယ်အခြေခံမူကြီးများသည်  ဖွံ့ဖြိုးဆဲနိင်ငံအများစု၌  ဖြောင့်ဖြောင့်မဖြစ် ။ ကောက်ကွေးကုန်တာ  များသည် ။ ထိုင်း နှင့် ပါကစ္စတန် နိင်ငံရေးတို့ကို  ဥပမာယူကြည့်နိင်သည်။

*********************************

ကတ္တား    ၊  ကမ္မ 
============

စာရေးသူသည် နိင်ငံရေးသမားအနေဖြင့်လည်းကောင်း။ ဂျာနယ်လစ်အနေဖြင့်လည်းကောင်း  အခြေခံမဟာဗျုဟာအရေး Basic strategic  issues တို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ၁၉၆၂ တော်လှန်ရေးကောင်စီလက်ထက်တွင် အမျိုးသားစီမံကိန်းဌာန၌ အထူးအရာရှိဖြစ်ခဲ့သည်။
ထိုစဉ်ကထုတ်ဝေသော လုပ်သားနေ့စဉ်သတင်းစာတွင်လည်း ပင်တိုင်ဆောင်းပါးရှင်ဖြစ်ခဲ့သည်။ထိုစဉ်က တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်လမ်းစဉ်ကို ရွေးချယ်ထားပြီးဖြစ်ရာ စာရေးသူအဖို့ အခြေခံမဟာဗျုဟာအရေးနှစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရသည် ။ 

၁ ။ ဆိုရှယ်လစ်စနစ်သည် မြန်မာနိင်ငံအတွက် သမိုင်း၏ကန့်သတ်ချက်  Historical  necessity  ဟုတ်
မဟုတ် … ။
၂ ။ အာဏာရှိလျှင်အခြေအနေ မမှည့်ဝင်းစေကာမူ လူ့အဖွဲ့အစည်းကို  ပြောင်းလဲပစ်နိင်   မပစ်နိင် …
ဟူ၍ ဖြစ်ကြသည် ။

စာရေးသူက ဆိုရှယ်လစ်စနစ်သည်မြန်မာနိင်ငံအတွက်
သမိုင်းလိုအပ်ချက်မဟုတ် ဟု တင်ပြခဲ့သည်။အာဏာသိမ်းရန်အတွက်အဆင်ပြေအောင်သုံးစွဲခြင်း convenience  သာဖြစ်သည်။
Necessity   နှင့် Convenience မှာ ခြားနားပေသည်။
Necessity  ဆိုသည်မှာ နိယာမသဘောဆောင်၍ သမိုင်းကပေးအပ်လာသော  တာဝန်ကို ဆောင်ရွက်ရခြင်းကို ဆိုလိုသည် ။ Convenience  မှာအခြေအနေအရ
အဆင်ပြေအောင်ဆောင်ရွက်ရခြင်းကိုဆိုလိုသည်။

ဒုတိယအချက်၌  အာဏာရှိလျှင် လူ့အဖွဲ့အစည်းကိုပြောင်းပစ်နိင်သည်ဟူသောအယူအဆကိုလည်း စာရေးသူက ဝေဖန်ခဲ့ရသည်။ ဒဿန     တွင်  " ကတ္တား " subject  နှင့်  " ကမ္မ"  object   ရှိသည်။သဒ္ဒါကို မှီးသော ဒဿန   အမြင်  ဖြစ်သည် ။ နိင်ငံရေးဒဿန     တွင် ကတ္တား  ဆိုသည်မှာ  ဆောင်ရွက်သူ actor ကိုဆိုလိုသည်ဖြစ်ရာ  အကျယ်ပြောလျှင် " ခေါင်းဆောင်မှု  နှင့် ပါဝါအာဏာ  "ကို ရည်ညွှန်းသည် ။ အာဏာရှိလျှင် ခေါင်းဆောင်မှုထက်မြက်လျှင်  ကမ္မအပိုင်းဖြစ်သော လူ့အဖွဲ့အစည်းကို  ပြောင်းလဲပစ်နိင်သည်ဆိုသောအယူအဆဖြစ်သည်။ ဤအမြင်ကိုလည်း စာရေးသူက ကန့်ကွက်ပြောဆိုခဲ့ရသည် ။

*********************************

စပွန်ဆာ 
====

 88 အရေးအခင်းအပြီးတွင်လည်း  အခြေခံမဟာဗျုဟာပြသနာနှစ်ရပ်ကို စာရေးသူက တင်ပြခဲ့သည် ။

၁ ။ ဗိုလ်ချုပ်ကြီးနေဝင်း ကိုလည်းကောင်း ။ စစ်တပ်ကိုလည်းကောင်း  ဂုဏ်ရှိရှိ ထွက်ပေါက်ပေးဖို့ 

၂ ။ စစ်တပ်၏ အပြုကဏ္ဍ Positive role of military ကို အသိအမှတ်ပြုပေးရန်     တို့ဖြစ်သည်။

သို့ဖြင့် ၉၀ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် အစီအစဉ်ပေါ်လာသည်။ စာရေးသူက ရွေးကောက်ပွဲဝင်ရန်မှတပါး
အခြားရွေးချယ်စရာမရှိ ဟုတင်ပြခဲ့သည်။ ရွေးကောက်ပွဲနိင်သဖြင့်အာဏာပြသနာကို ရှေ့တန်းမတင်ရန်လည်း  တင်ပြခဲ့သည် ။ ဤသို့ဖြင့်  စင်ပြိုင်အစိုးရလမ်းစဉ်
သမားတို့နှင့်အတိုက်အခံဖြစ်ခဲ့ရသည် ။ 

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမရှိတော့သည့် အချိန်တွင်လည်းအခြေခံဥပဒေအသစ်ရေးဆွဲရန်  အခြေခံမဟာဗျုဟာပြသနာ နှစ်ရပ်ကို  ဖော်ထုတ်ခဲ့ရပြန်သည် ။ 
၁ ။ စစ်တပ်ကစပွန်ဆာလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကွန်ဗင်းရှင်းတွင်  ပါဝင်မလား  မပါဝင်ဘူးလား…။
၂ ။ စစ်တပ်ကစပွန်ဆာလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ရွေးကောက်ပွဲတို့ကို မျက်မှောက်မပြုဘဲ ရှောင်ကွင်းနိင်မလား …  ဟူ၍ဖြစ်သည် ။

စာရေးသူက  နိင်ငံရေးသည် ဖြစ်နိင်ချေကိုကိုင်တွယ်သောပညာ politics  is  the art of possible ဟု မြင်သည်။

အထက်ပါတို့ကား  စာရေးသူရင်ဆိုင်ခဲ့ရသော အခြေခံမဟာဗျုဟာပြသနာ များပင်ဖြစ်သည်။ခေတ်သစ်မြန်မာ့နိင်ငံရေးဖြစ်ထွန်းမှုတွင်   အခြေခံမဟာဗျုဟာရှုထောင့်ဖြင့် လေ့လာသုံးသပ်ခြင်းသည် ခါတိုင်းထက်ပို၍ လိုအပ်လိမ့်မည်ဟု ထင်သည် …… ။

မောင်စူးစမ်း 
…   …   …
In Category :
Ali Bajwa Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore. Magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Facebook and Twitter

0 comments

Post a Comment