"" ခေတ်ပြိုင်မြန်မာ့နိင်ငံရေးကို အခြေခံမဟာဗျုဟာရှုထောင့်များဖြင့်စဉ်းစားခြင်း ""
============================
' မောင်စူးစမ်း '
ထူးခြားမှုလေးပါး
==========
ခေတ်ပြိုင်မြန်မာ့နိင်ငံရေးဖြစ်ထွန်းမှု၌ မျဉ်းပြိုင်မရှိ ။ နှိုင်းယှဉ်ရန်မရှိ ။ တူညီချက်မရှိပေ ။ No parallel , No comparison , No analogy ဟု ဆိုရမည်။ တသီးတခြားထူးခြားမှုရှိသော ဖြစ်ထွန်းမှု ဖြစ်သည် ။ ပို့စ်မော်ဒန်စကားနှင့်ပြောရလျှင် ဒေသသဘော (local ) ဆန်သည်။ မြန်မာ့နိင်ငံရေးကို အကဲခတ်လျှင် သီးခြားဖြစ်သောထူးခြားချက်တို့ကို အခြေခံဖို့ လိုအပ်သည် ။ Specificity base ဟုပြောရမည် ။ အစစ်အမှန်ယထာဘူတ ကျရပေမည် ။
မြန်မာ့ခေတ်ပြိုင်နိင်ငံရေးဖြစ်ထွန်းမှုသည် ရိုးရိုးစင်းစင်းသမားရိုးကျဖြစ်ထွန်းသည်မဟုတ် ။ ဆန်းဆန်းပြားပြားဖြစ်ထွန်းသည် ။ ရှုပ်ရှုပ်ထွေးထွေးဖြစ်ထွန်းသည် ။ အပြတ်အတောက်တွေများသည်။အကွေ့အကောက်တွေများသည်။မျဉ်းဖြောင့်မဟုတ် ။ Non-linear ဖြစ်သည်။
ဤအချက်ကိုသက်သေထူပါ ဟုဆိုလျှင်အချက်(၄)ချက် ဖြင့် ပြောဆိုနိင်သည် ။
၁။ လွတ်လပ်ရေးပြီးကတည်းက မြန်မာ့ခေတ်ပြိုင်နိင်ငံရေးဖြစ်ထွန်းမှုတွင် သမ္မတ ၊ ဝန်ကြီးချုပ်တွေ ဇာတ်သိမ်းမကောင်းခဲ့ကြပေ ။ လွတ်လပ်ရေးမရမီကြားကာလ
သမ္မတဖြစ်သူ ဒေါက်တာဘဦး မှလွဲ၍မည်သည့်သမ္မတ
မည်သည့်ဝန်ကြီးချုပ်မှ ခပ်အေးအေးဖြင့်နိင်ငံရေးဇာတ်ခုံပေါ်မှ ဆင်းသွားရသည်ဟူ၍မရှိ ခဲ့ပေ ။
၂။ စျေးကွက်စီးပွားရေး နှင့် ဒီမိုကရေစီသည် ဒွန်တွဲနေရာမှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်တွင် ဇီဝိန်ချုပ်သွားသည်။ " စျေးကွက်စီးပွားရေး "နှင့် " ဒီမိုကရေစီ "
သည်၁၉၈၈ ခုနှစ်အရေးအခင်းအပီး၌ ဒွန်တွဲ၍ ပြန်မပေါ်လာခဲ့ပေ။နှစ်ခုအကြားအဆက်ပြတ်သွားသည်။ စျေးကွက်စီးပွားရေးက အရင်ပေါ်လာသည်။ဒီမိုကရေစီက ကျန်ရစ်ခဲ့သည်။ယခုမှ ဒီမိုကရေစီကိုပြန်စ ရသည်။
၃။ ၁၉၉၀ ရွေးကောက်ပွဲတွင်အနိင်ရသည့်ပါတီက
Winning party not become ruling party ဟု ဆိုရမည်။
၄။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် စစ်ဘက်စပွန်ဆာဖြင့် ပေါ်ပေါက်ရသည်။ ခေတ်သစ်တွင်ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် " The will of the People " ဆိုသည်ထက် " The will
of the Powerful " ဖြင့် ပေါ်ပေါက်လာခဲ့ရသည်။
*****************************
မဟာဗျုဟာရှုထောင့်
===========
ဆိုခဲ့ပါထူးခြားချက်တို့ကို မျက်မှောက်ပြုနေရသည့်အတွက် မြန်မာနိင်ငံ၏ခေတ်သစ်ဖြစ်ထွန်းမှုကို ဘယ်လိုမဟာဗျုဟာရှုထောင့် strategic perspective ဖြင့် ကြည့်မလဲ ဟူသော ပြဿနာ က ပေါ်လာသည် ။
အချို့က မြန်မာ့နိင်ငံရေး၏ ခေတ်သစ်ဖြစ်ထွန်းမှုကို
မဟာဗျုဟာရှုထောင့်မှကြည့်ရန်မလို ။ ရေတိုပေါ်ပင်ပေါ်ပြုလာ နည်းဖြင့် ချဉ်းကပ်ရုံ လုံလောက်သည်ဟု ပြောသည်။ အချို့ကတော့ မြန်မာ့နိင်ငံရေးဖြစ်ထွန်းမှုကို
" လောကအလုံးစုံမှန်ကန်သော စံ " တို့ဖြင့် ချိန်ထိုးကြည့်ရမည်ဟု ဆိုသည်။
ပို့စ်မော်ဒန် က ဒီမိုကရေစီကို ဒေသသဘော (local )
ဟု သုံးသပ်သည် ။ ယူနီဗာဆယ်အခြေခံမူကြီးများသည် ဖွံ့ဖြိုးဆဲနိင်ငံအများစု၌ ဖြောင့်ဖြောင့်မဖြစ် ။ ကောက်ကွေးကုန်တာ များသည် ။ ထိုင်း နှင့် ပါကစ္စတန် နိင်ငံရေးတို့ကို ဥပမာယူကြည့်နိင်သည်။
*********************************
ကတ္တား ၊ ကမ္မ
============
စာရေးသူသည် နိင်ငံရေးသမားအနေဖြင့်လည်းကောင်း။ ဂျာနယ်လစ်အနေဖြင့်လည်းကောင်း အခြေခံမဟာဗျုဟာအရေး Basic strategic issues တို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ၁၉၆၂ တော်လှန်ရေးကောင်စီလက်ထက်တွင် အမျိုးသားစီမံကိန်းဌာန၌ အထူးအရာရှိဖြစ်ခဲ့သည်။
ထိုစဉ်ကထုတ်ဝေသော လုပ်သားနေ့စဉ်သတင်းစာတွင်လည်း ပင်တိုင်ဆောင်းပါးရှင်ဖြစ်ခဲ့သည်။ထိုစဉ်က တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်လမ်းစဉ်ကို ရွေးချယ်ထားပြီးဖြစ်ရာ စာရေးသူအဖို့ အခြေခံမဟာဗျုဟာအရေးနှစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရသည် ။
၁ ။ ဆိုရှယ်လစ်စနစ်သည် မြန်မာနိင်ငံအတွက် သမိုင်း၏ကန့်သတ်ချက် Historical necessity ဟုတ်
မဟုတ် … ။
၂ ။ အာဏာရှိလျှင်အခြေအနေ မမှည့်ဝင်းစေကာမူ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်နိင် မပစ်နိင် …
ဟူ၍ ဖြစ်ကြသည် ။
စာရေးသူက ဆိုရှယ်လစ်စနစ်သည်မြန်မာနိင်ငံအတွက်
သမိုင်းလိုအပ်ချက်မဟုတ် ဟု တင်ပြခဲ့သည်။အာဏာသိမ်းရန်အတွက်အဆင်ပြေအောင်သုံးစွဲခြင်း convenience သာဖြစ်သည်။
Necessity နှင့် Convenience မှာ ခြားနားပေသည်။
Necessity ဆိုသည်မှာ နိယာမသဘောဆောင်၍ သမိုင်းကပေးအပ်လာသော တာဝန်ကို ဆောင်ရွက်ရခြင်းကို ဆိုလိုသည် ။ Convenience မှာအခြေအနေအရ
အဆင်ပြေအောင်ဆောင်ရွက်ရခြင်းကိုဆိုလိုသည်။
ဒုတိယအချက်၌ အာဏာရှိလျှင် လူ့အဖွဲ့အစည်းကိုပြောင်းပစ်နိင်သည်ဟူသောအယူအဆကိုလည်း စာရေးသူက ဝေဖန်ခဲ့ရသည်။ ဒဿန တွင် " ကတ္တား " subject နှင့် " ကမ္မ" object ရှိသည်။သဒ္ဒါကို မှီးသော ဒဿန အမြင် ဖြစ်သည် ။ နိင်ငံရေးဒဿန တွင် ကတ္တား ဆိုသည်မှာ ဆောင်ရွက်သူ actor ကိုဆိုလိုသည်ဖြစ်ရာ အကျယ်ပြောလျှင် " ခေါင်းဆောင်မှု နှင့် ပါဝါအာဏာ "ကို ရည်ညွှန်းသည် ။ အာဏာရှိလျှင် ခေါင်းဆောင်မှုထက်မြက်လျှင် ကမ္မအပိုင်းဖြစ်သော လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်နိင်သည်ဆိုသောအယူအဆဖြစ်သည်။ ဤအမြင်ကိုလည်း စာရေးသူက ကန့်ကွက်ပြောဆိုခဲ့ရသည် ။
*********************************
စပွန်ဆာ
====
88 အရေးအခင်းအပြီးတွင်လည်း အခြေခံမဟာဗျုဟာပြသနာနှစ်ရပ်ကို စာရေးသူက တင်ပြခဲ့သည် ။
၁ ။ ဗိုလ်ချုပ်ကြီးနေဝင်း ကိုလည်းကောင်း ။ စစ်တပ်ကိုလည်းကောင်း ဂုဏ်ရှိရှိ ထွက်ပေါက်ပေးဖို့
၂ ။ စစ်တပ်၏ အပြုကဏ္ဍ Positive role of military ကို အသိအမှတ်ပြုပေးရန် တို့ဖြစ်သည်။
သို့ဖြင့် ၉၀ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် အစီအစဉ်ပေါ်လာသည်။ စာရေးသူက ရွေးကောက်ပွဲဝင်ရန်မှတပါး
အခြားရွေးချယ်စရာမရှိ ဟုတင်ပြခဲ့သည်။ ရွေးကောက်ပွဲနိင်သဖြင့်အာဏာပြသနာကို ရှေ့တန်းမတင်ရန်လည်း တင်ပြခဲ့သည် ။ ဤသို့ဖြင့် စင်ပြိုင်အစိုးရလမ်းစဉ်
သမားတို့နှင့်အတိုက်အခံဖြစ်ခဲ့ရသည် ။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမရှိတော့သည့် အချိန်တွင်လည်းအခြေခံဥပဒေအသစ်ရေးဆွဲရန် အခြေခံမဟာဗျုဟာပြသနာ နှစ်ရပ်ကို ဖော်ထုတ်ခဲ့ရပြန်သည် ။
၁ ။ စစ်တပ်ကစပွန်ဆာလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကွန်ဗင်းရှင်းတွင် ပါဝင်မလား မပါဝင်ဘူးလား…။
၂ ။ စစ်တပ်ကစပွန်ဆာလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ရွေးကောက်ပွဲတို့ကို မျက်မှောက်မပြုဘဲ ရှောင်ကွင်းနိင်မလား … ဟူ၍ဖြစ်သည် ။
စာရေးသူက နိင်ငံရေးသည် ဖြစ်နိင်ချေကိုကိုင်တွယ်သောပညာ politics is the art of possible ဟု မြင်သည်။
အထက်ပါတို့ကား စာရေးသူရင်ဆိုင်ခဲ့ရသော အခြေခံမဟာဗျုဟာပြသနာ များပင်ဖြစ်သည်။ခေတ်သစ်မြန်မာ့နိင်ငံရေးဖြစ်ထွန်းမှုတွင် အခြေခံမဟာဗျုဟာရှုထောင့်ဖြင့် လေ့လာသုံးသပ်ခြင်းသည် ခါတိုင်းထက်ပို၍ လိုအပ်လိမ့်မည်ဟု ထင်သည် …… ။
မောင်စူးစမ်း
… … …
0 comments
Post a Comment